တောင်ငူခရိုင်၊ ရွှေကျင်နိကာယဝိနည်းစာတော်ပြန်ပွဲနှစ်ရာပြည့် အထိမ်းအမှတ် မဟာထေရပူဇာသက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲပြုလုပ်

တောင်ငူခရိုင်၊ ရွှေကျင်နိကာယဝိနည်းစာတော်ပြန်ပွဲနှစ်ရာပြည့် အထိမ်းအမှတ် မဟာထေရပူဇာသက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၁

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရွှေကျင်နိကာယဝိနည်းစာတော်ပြန်ပွဲ နှစ်ရာပြည့်အထိမ်းအမှတ် မဟာထေရပူဇာ သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဝိသုဒ္ဓါရုံသိမ်ဉုးကျောင်းဓမ္မာရုံ၌ ပြုလုပ်ရာ ပြည်မြို့၊ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ အမှူးပြုသော သံဃာတော်များကြွရောက် တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူ များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ၎င်းနောက် သက်တော်ရှည် ဆရာတော် ကြီးများဖြစ်တော်မူသော ပြည်မြို့၊ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ သက်တော် (၉၀)နှစ်၊ ဝိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက် နာယက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ သာသနာ့ဓဇသီရိပဝရဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တဓမ္မရသ  သက်တော်(၁၀၂)နှစ်နှင့် တောင်ငူမြို့၊ ရတနာဂုဏ်မြင့် ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ရွှေလင်းယုန် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တအရဝိန္ဒာဘိဝံသ သက်တော် (၈၇)နှစ်တို့အား မဟာထေရပူဇာအဖြစ် ရှိခိုးဖူးမြော် ကြည်ညိုကြသည်။ ထို့နောက် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဩဝါဒကထာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။