ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၆၃)
သင်္ဘောတာဝန်ခံအရာရှိက အသက်ကယ်လှေများချရန် အမိန့်မပေးသေး၊ရေထဲခုန်ချရန်လည်း အမိန့်မပေးသေးသဖြင့် သင်္ဘောနစ်မည့် အန္တရာယ်မရှိသေးဟု ထင်သည်။ မိန်းမနှင့်ကလေးများ စိုးရိမ်ပူပန်စွာ ငိုယိုလျက်ရှိကြသည်။ ကျွန်တော်တို့နှင့်အတူ အုပ်စုလိုက်ပါလာသော အခြားသင်္ဘောများကို အားကိုးတကြီးဖြင့် လှမ်းကြည့်လိုက်ရာ တိုက်ရေယာဉ်သင်္ဘောတစ်စင်းတည်းကိုသာ ကျန်ခဲ့ပြီး ကျန်သင်္ဘော အားလုံးမမြင်ရတော့ အားလျှော့လိုက်ကြလေသည်။
တိုက်ရေယာဉ်သင်္ဘောကလေးသည် ကျွန်တော်တို့ သင်္ဘောကို လှည့်ပတ်မောင်းနှင်လျက်ရှိနေသည်။ ရန်သူရေငုပ်သင်္ဘောကို ရှာဖွေနေသည်ထင်သည်။ ရေထဲသို့ ရေနက်ဗုံးများပစ်ချလျက်ရှိရာ ရေအောက်တွင် ဗုံးများကွဲပြီး ရေများပန်းတက်လာသည်မှာ ကြည့်၍ပင်ကောင်းလှသည်။ တိုက်ရေယာဉ်သင်္ဘောသည် အမြောက်ဖြင့်လည်း ပစ်သည်။ သေနတ်ဖြင့်လည်း အဆက်မပြတ်ပစ်ခတ်နေပါသည်။ မကြာမီတိုက်လေယာဉ်နှစ်စင်း ရောက်ရှိလာပြီး ကျွန်တော်တို့သင်္ဘော ပတ်ဝန်းကျင်ပင်လယ်တွင်းသို့ စက်သေနတ်များဖြင့် ပစ်ခတ်နေပြန်ပါသည်။ ဘာပဲဖြစ်ဖြစ် ပစ်သံခတ်သံ၊ ဗုံးကွဲသံများ ကြားရသောအခါ အားတက်မိပါသည်။
ရေမြှုပ်ဗုံးဒဏ်ကြောင့် လေးပေခန့်ပေါက်ကွဲသွားသော သင်္ဘောဝမ်းဗိုက်ဖာထေးခြင်း၊ ပျက်သွားသောဆီပိုက်များအစားထိုး ပြုပြင်ခြင်းများကို သင်္ဘောအရာရှိများနှင့် သင်္ဘောသားများ ကြိုးစားပြုပြင်လိုက်ကြရာ ညနေစာ ထမင်းစားပြီးချိန်တွင် သင်္ဘောဆက်လက်မောင်းနှင်နိုင်ခဲ့ပါသည်။
သင်္ဘောမပျက်စီးဘဲ ဆက်လက်မောင်းနှင်နိုင်သဖြင့် ခရီးသည်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ ဝမ်းသာလွန်း၍ သီချင်းများကို သီဆိုကြရာ ကျွန်တော်တို့ ရသည့်သီချင်းများကို ကျွန်တော်တို့ သံပြိုင်လိုက်၍သီဆိုကြသည်။ သို့သော် သင်္ဘောတာဝန်ခံအရာရှိနှင့် သင်္ဘော အရာရှိများက ဘေးအန္တရာယ်မကင်းရှင်း ကြောင်း၊ ဤနေရာသည် ရေမြှုပ်ဗုံးအများ အပြား ရှိနေသေးကြောင်း၊ ကျွန်တော်တို့ သင်္ဘော တိုးမိသောရေမြှုပ်ဗုံးမှာ အတွဲပြုတ်လာသော ရေမြှုပ်ဗုံးတစ်လုံးတည်း သာဖြစ်၍ အထိမနာခြင်းဖြစ်ကြောင်း၊ ရေမြှုပ်ဗုံးဟူသည် အတွဲလိုက်ချထားခြင်း ဖြစ်၍ တစ်လုံးပေါက်ကွဲလျှင် အတွဲလိုက် ပေါက်ကွဲတတ်သဖြင့် သင်္ဘောတစ်စင်းလုံး နစ်မြုပ်နိုင်ကြောင်း သတိရှိကြရန် သတိ ပေးပြောကြားပါသည်။
ထိုနေ့နှင့် နောက်တစ်နေ့ ဧပြီလ ၁၀ ရက်တွင် သင်္ဘောသည် ဖြောင့်ဖြောင့်တန်းတန်းမမောင်းဘဲ မြောက်ဘက်မောင်းလိုက်၊ အရှေ့ဘက်သို့ကွေ့လိုက်၊ တောင်ဘက်သို့ မောင်းလိုက်နှင့် ကွေ့ကောက် မောင်းနှင်လျက်ရှိရာ ရေမြှုပ်ဗုံးရန် မကင်း သေးကြောင်း သတိပြုမိပါသည်။
စာသင်ချိန်တွင် ရေမြှုပ်ဗုံးအကြောင်း၊ တော်ပီဒိုအကြောင်းများကို သင်ကြားပို့ချ ပေးပါသည်။
ဧပြီလ ၁၁ ရက်တွင် ပင်လယ်ရေသည် ပြာရာမှစိမ်းလာသည်။ အင်ဒိုချိုင်းနားကျွန်းဆွယ် ဆေးဂုံမြို့သို့ နီးကပ်လာပြီဟု သိရ ပါသည်။ နေ့လယ်ပိုင်းတွင် ဆေးဂုံမြို့အဝင် ပင်လယ်၀ မဲခေါင်၀ (Months of Me Kong) ရေလယ်တွင် သင်္ဘောရပ်လိုက်ပါသည်။ ကျွန်တော်တို့အဖော်သင်္ဘောများ ကိုလည်း တွေ့ရသည်။ ရေပြင်တစ်ခုလုံး တံငါလှေများပြည့်လျက်ရှိသည်။ လှေကလေး အချို့ မုန့်ပဲသရေစာများ၊ ငှက်ပျောသီးများ လာရောက် ရောင်းချကြသည်။ ပင်လယ်ဝမှ ဆေးဂုံမြို့သို့ သုံးမိုင်ခန့် ဝင်ရသည်ဟု သိရပါသည်။
ကျွန်တော်တို့သည် South China Sea အတွင်းသို့ ဝင်ရောက်နေပါပြီ။ ရှေ့ဆက် ရမည့်ခရီးတွင် ရေမြှုပ်ဗုံးများ၊ ရန်သူ့ရေငုပ် သင်္ဘောများ၊ ရန်သူ့လေကြောင်းရန်တိုက်ခိုက်မှုများနှင့် လှိုင်းကြီးလေထန် မုန်တိုင်းဒဏ်ကို ရင်ဆိုင်ကြရဦးမည်ဖြစ် ပါသည်။ ။
ရေလမ်းမှာ ရန်စွယ်နှင့်
(ဒုတိယပိုင်း)
မြန်မာဗိုလ်လောင်းသုံးကျိပ် စီးနင်းလိုက် ပါလာသော ရော့ကိုယိုမာရုသင်္ဘောသည် ၁၉၄၄ ခုနှစ် ဧပြီလ ၈ ရက်တွင် စင်ကာပူမှ ဂျပန်ပြည်သို့ ဦးတည်မောင်းနှင် ထွက်ခွာ လာခဲ့သည်။ ရော့ကိုယိုမာရုသင်္ဘော တစ်စင်းတည်း မဟုတ်ပါ။ အခြားကုန်တင် သင်္ဘောခုနစ်စင်းအပြင် ဂျပန်ဘုရင့် ရေတပ်မတော်မှ တိုက်ရေယာဉ်နှစ်စင်းပါဝင်သော သင်္ဘောအုပ်စုကြီးနှင့်အတူ ဖြစ်ပါသည်။
သင်္ဘောအုပ်စုသည် တောင်တရုတ် ပင်လယ် (South China Sea)အတွင်း အင်ဒိုချိုင်းနားကျွန်းဆွယ် ဆေးဂုံမြို့သို့ ဦးတည်ခုတ်မောင်းလျက်ရှိစဉ် ဧပြီလ ၉ ရက် မွန်းလွဲပိုင်းတွင် ရော့ကိုယိုမာရုသင်္ဘောသည် ရေမြှုပ်ဗုံးတစ်လုံးကို ဝင်တိုးမိသဖြင့် သင်္ဘော၏ လက်ယာဘက်ဦးပိုင်းတွင် လေးပေပတ်လည်ခန့် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။ ခရီးသည် အများအပြားပါသည့် တစ်စင်းတည်းသောသင်္ဘောကို ရေမြှုပ်ဗုံးထိခြင်း ဖြစ်သည်။ အခြားသင်္ဘော များသည် ရော့ကိုယိုမာရုသင်္ဘောကို မစောင့်ဘဲ မောင်းနှင်သွားကြသည်။ ရော့ကိုယိုမာရုသင်္ဘောသည် အပျက်အစီး များကို ယာယီဖာထေးပြုပြင်ပြီးနောက် ဆက်လက်ထွက်ခွာခဲ့ရာ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဆေးဂုံမြို့အဝင် မဲခေါင်၀ (Months of Me Kong) သို့ ဧပြီလ ၁၁ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။