ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၄)

မဲခေါင်၀ (Months of Me Kong) တွင် စင်ကာပူမှအုပ်စုနှင့်အတူ ထွက်လာခဲ့သော အခြားသင်္ဘောများကို တွေ့ရှိရပါသည်။ ရော့ကိုယိုမာရုသင်္ဘောကို  ကျောက်ချရပ်နားလိုက်သဖြင့် ရေမြှုပ်ဗုံးထိ၍ပေါက်သွားသော ယာယီပြုပြင်ဖာထေးခဲ့သည့်အပေါက်ကို ဆက်လက်ပြုပြင်ဦးမည်လားဟု ထင်မိပါသည်။ သို့သော် မပြုပြင်တော့ဘဲ မနီလာရောက်မှ ပိုမိုစိတ်ချရအောင်ပြုပြင်တော့မည်ဟု  သိရပါသည်။

ထိုနေ့ညနေ၌ ဂျပန်မများက ခရီးသည်များကို ကပြဖျော်ဖြေကြသည်။ ဂျပန်ရိုးရာတူရိယာများကို တီးမှုတ်ကြသည်။  သီချင်းဆိုသူက ဆိုကြ၊ ကသူက ကကြသည်။ သံပြိုင်သီဆိုရမည့်သီချင်းများကို စစ်သားများ၊ ခရီးသည်များနှင့် ကျွန်တော်တို့မြန်မာများပါ ဝိုင်း၍ သံပြိုင် သီဆိုကြရာ သင်္ဘောတစ်စင်းလုံး မြိုင်နေပါတော့သည်။ အားလုံးပျော်ကြပါသည်။ ထုပ်ဆီးတိုး၊ ပုတ်တလုတ်တောက်တဲ့ စသည့် အားကစားပြိုင်ပွဲများကို ယောကျ်ား၊ မိန်းမ ရောနှောကျင်းပရာ မြန်မာအဖွဲ့ကလည်း ပါဝင်ယှဉ်ပြိုင်ကြသည်။

သင်္ဘောဗုံးထိ၍ ထိတ်လန့်နေသောစိတ်များကို သက်သာရာရစေသည့်အပြင် သင်္ဘောတစ်စင်းလုံးရှိ ဂျပန်စစ်သားများ၊  အမျိုးသမီးများနှင့်ကလေးများ၊ မြန်မာရဲဘော်များ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးလာစေပါသည်။ ရော့ကိုယိုမာရုပေါ် ပါလာသူ အားလုံး တစ်ဦးနှင့်တစ်ဦး တစ်လှေတည်းစီး တစ်ခရီးတည်းသွားအသွင်သာမက မိသားစုအသွင်ပါဆောင်လာပါသည်။ ဂျပန်ပြည် ရောက်သည်အထိ ဤကဲ့သို့ ပျော်ပွဲ၊ ရွှင်ပွဲ၊ ကပွဲ၊ အားကစားပွဲများကို လှိုင်းလေငြိမ်သည့်အခါများ၊ သင်္ဘောရပ်နားသည့်အခါများတွင်  မကြာခဏ ကျင်းပပြုလုပ်ပေးရာ သင်္ဘောပေါ်တွင် ခံစားရသည့်  ငြီးငွေ့မှုကို ပြေပျောက်စေပါသည်။

ဧပြီလ ၁၂ ရက် နံနက် ၈ နာရီတွင် ရော့ကိုယိုမာရုသင်္ဘောကျောက်ဆူးနုတ်ပြီး မဲခေါင်ဝမှခွာသည်။ ရော့ကိုယိုမာရုသင်္ဘောနှင့်အတူ ဂျပန်စစ်သားများ အပြည့်ပါသော သင်္ဘောတစ်စင်း၊ ဓာတ်ဆီသင်္ဘောတစ်စင်းနှင့် ဂျပန်ဘုရင့်ရေတပ်မတော် တိုက်ရေယာဉ်နှစ်စင်း ပါလာသည်။

သင်္ဘောသည် တောင်တရုတ်ပင်လယ်၏ အရှေ့ဘက်ကမ်းခြေမှ ကပ်၍မောင်းနေသည်။ ပင်လယ်ပြင်ရှုခင်းများသာမက ကမ်းခြေ တစ်လျှောက်ရှိ လှပသောကျောက်တောင် ကျောက်ကမ်းပါးများ၊ သဲသောင်ပြင်များ၊   စိုက်ခင်းပျိုးခင်းများအစရှိသည့်ရှုခင်းများမှာ ရှုမငြီးအောင် သာယာလှပါသည်။ သို့သော် အရေးပေါ်တပ်လှန့်တန်းစီခြင်းများ မကြာခဏလုပ်နေသဖြင့် စိတ်အေးချမ်းသာစွာ မနေရပါ။ တန်းစီရာတွင် အပြိုင်အဆိုင်များရှိသဖြင့် မြန်မာအဖွဲ့အနိုင်ရရှိရေးအတွက် အမြဲအသင့်ရှိနေရပါသည်။

သို့ဖြစ်၍လည်း တန်းစီတိုင်း မြန်မာအဖွဲ့သည် သတ်မှတ်ထားသည့်အတိုင်း အသက်ကယ်အိတ်များ ဝတ်ဆင်တန်းစီပြီး ပထမဆုံး အမြဲသတင်းပို့နိုင်ခဲ့ကြသည်။ ဧပြီလ ၁၃ ရက်သည်  သင်္ကြန်အကျနေ့ ဖြစ်ပါသည်။ ဗိုလ်လောင်းများသည် လုပ်ရိုးလုပ်စဉ်အတိုင်း နံနက်တန်းစီ၊ နိုင်ငံတော်အားအလေးပြု၊ ကျဆုံးလေပြီးသော ရဲဘော်များအား အလေးပြုသစ္စာဆိုကြသည်။ လုပ်ရိုးလုပ်စဉ် လုပ်နေကျဖြစ်သော်လည်း ဒီနေ့ကျမှ အဖမြန်မာပြည်သို့ ရည်မှန်းအလေးပြုပြီး မိဘရပ်ထံရည်မှန်းကန်တော့သောအခါ  ဝမ်းနည်း သလိုဖြစ်လာသည်။ ဆရာဗိုလ်ဟတ၏ ခွင့်ပြုချက်အရ အမျိုးသားသီချင်းကို သံပြိုင်သီဆိုကြရာတွင် ရဲဘော်ဗိုလ်လောင်းအားလုံး ကြက်သီးမွေးညင်းထလောက်အောင်  စိတ်ပါလွန်း၍ အသံကုန်ဟစ် ကြွေးကြရင်း မျက်ရည်များ ကျလာကြသည်။

ဆရာဟတက ကျွန်တော်တို့ ဗိုလ်လောင်းအားလုံးကို လူစေ့တက်စေ့ရေနည်းနည်းစီလောင်းသည်။ ရေစက်ချသည် ဆိုရုံသာ ဖြစ်သည်။ ရေချိုရှားသည်။ ရေချိုနှင့် မျက်နှာမသစ်ရဟုပင် အမိန့်ထုတ်ထားသည်။ သောက်ရေအတွက်လူတစ်ယောက်အတွက်  တစ်နေ့၊ တစ်နေ့စာရေ   စစ်ရေဘူးနှင့်  တစ်ဘူးသာရသည်။ ကျွန်တော်တို့ဆရာက ကျွန်တော်တို့အား ရေလောင်းသည်ကို မြင်သော အခါ ဂျပန်စစ်သားများနှင့် ခရီးသည်အမျိုးသမီးများလည်း ပျော်လာကြသည်။ စိတ်ပါလာကြသည်။ သူတို့ရိက္ခာရထားသော  ရေဘူး ကလေးများဖြင့် ကျွန်တော်တို့ကို    လာ၍လောင်းကြသည်။

ကျွန်တော်တို့ကလည်း ပြန်၍လောင်းကြသည်။ အပြန်အလှန်ရေလောင်းကြ၍ အားလုံးပျော်ကြသည်။ မြန်မာဗိုလ်လောင်း ရဲဘော်ထဲမှ ဗိုလ်လောင်းဖေစိန်သည် ဂျပန်မများလက်ထဲမှ ရေဘူးများကိုလု၍ ဂျပန်မများကို လိုက်လောင်းရာ စိတ်မဆိုးကြဘဲ  တစ်နေ့ အတွက် ခွဲတမ်းရထားသော ရေချိုကုန်သည်အထိ အပြန်အလှန်ရေပက်ကစားကြပါသည်။

မြန်မာဗိုလ်လောင်းများ ရေပတ်လည်ဝန်းရံလျက်ရှိသော တောင်တရုတ်ပင်လယ် (South China Sea)  အတွင်း ရှားရှားပါးပါး အဖိုးတန်လှသော ရေကလေးအနည်းငယ်ဖြင့် ဆင်နွှဲကြရသည့် သက္ကရာဇ် ၁၃၀၆ ခု၊ တန်ခူးလ မဟာသင်္ကြန်အကျနေ့သည် ထူးထူးခြားခြား ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့ပါသည်။ ပျော်သာပျော်ရသည် မြန်မာတို့အတွက် အခါကြီးရက်ကြီးနေ့ဖြစ်သော်လည်း ထမင်းကောင်း၊ ဟင်းကောင်းမစားကြရပါ။ ထိုနေ့ကစားရသော ဟင်းမှာ ကောက်ရိုးလိုလို၊ ဖော့ရိုးလိုလို လုံးဝအရသာမရှိသော ဟင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်