လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၌ မဇ္ဈိမာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့၌ မဇ္ဈိမာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၃

        ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ မဇ္ဈိမဂုဏ်ရည် မဟာစည်တောရရိပ်သာ မဇ္ဈိမ ဂုဏ်ရည် မုဒုံမောင်မောင်မဟာဓမ္မဗိမာန်တော်ကြီး၌ ယနေ့ နေ့လယ်ပိုင်းတွင် မဇ္ဈိမာလင်္ကာရ သာမဏေကျော် စာမေးပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာ အဘိဓဇမဟာရဋ္ဌ ဂုရု အဂ္ဂမဟာ ပဏ္ဍိတ နိုင်ငံတော် ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကြီး၏ ဩဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တ တိလောကာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် မဇ္ဈိမ ဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တ ကောဝိဒ က အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားမိန့်ကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

        ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ လှူဒါန်းသော အလှူငွေများအား စားမေးပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ပြီး စာမေးပွဲဖြေဆိုမည့်ရက်များတွင် သံဃာတော် များ၏ ဆွမ်းကိစ္စ၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။