ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၅)

နံနက်ပိုင်း သင်္ကြန်ပွဲပြီးဆုံးသွားသောအခါ သင်္ဘောတာဝန်ခံဗိုလ်ကြီးနှင့် ဆရာဗိုလ်ဟတက “ပျော်လည်းပျော်ကြ၊ ရေငုပ်သင်္ဘော လည်းကြည့်ကြ” ဟု သတိပေးကြသည်။ ရေငုပ်သင်္ဘောသည် ပတ်ဝန်းကျင်မှ အချိန်မရွေးပေါ်လာနိုင်သည်။

သင်္ဘောအလံတိုင်ပေါ်၊ လင့်စင်ပေါ်နှင့်သင်္ဘော ရှေ့-နောက်၊ ဝဲ-ယာချထားသောကင်းများသာမက ခရီးသည်များကပါ ရေငုပ်သင်္ဘော ကြည့်ရန်တာဝန်ရှိနေကြသည်။ ရေငုပ်သင်္ဘော၏ မှန်ဘီလူးတိုင်ကို လှိုင်းလေငြိမ်၍ ပင်လယ်ရေပြင်ပြန့်ပြူးနေလျှင် မြင်တွေ့နိုင် သော်လည်း လှိုင်းလုံးများရှိနေလျှင် သာမန်မျက်စိနှင့်မဆိုထားနှင့်မှန်ဘီလူးနှင့်ကြည့်လျှင်ပင် ခွဲခြားသိရှိနိုင်မည်မဟုတ်ပါ။ သို့သော် သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လျှင်ကျယ်ပြန့်သောပင်လယ်ပြင်ကို တစ်မျှော်တစ်ခေါ်ငေးမော ကြည့်ရသည်မှာ သင်္ဘောပေါ်ရှိ ခရီးသည်တိုင်း၏ တာဝန်တစ်ခုလိုဖြစ်နေပါတော့သည်။

မွန်းလွဲပိုင်းတွင် ပင်လယ်ပြင်မငြိမ်သက်တော့ပါ။ လှိုင်းများကြီးလာသည်။ နံနက်ပိုင်းက အောင်ရေ အပက်မခံရသော်လည်း မွန်းလွဲပိုင်းမှစ၍ တောင်တရုတ် ပင်လယ်ရေနတ်သား၏ ရေကစားခြင်းလား၊ မေခလာနတ်သမီး၏ ကျီစယ်လေခြင်းလားမသိ ရေပက်ခြင်းကို တဝကြီးခံရပါသည်။ လှိုင်းလုံးကြီးများ ကုန်းပတ်ပေါ်ရောက်လာ၍ တစ်ကိုယ်လုံးရွှဲကုန်သည်။ အိပ်ခန်းတွင်း ဘေးလေပေါက်မှ ပင်လယ်ရေများဝင်လာ၍ အိပ်ရာများ ရွှဲကုန်သည်။ ဗိုလ်လောင်းများ လှိုင်းမူး၍ အိပ်ကုန်ကြပါပြီ။

နောက်တစ်နေ့ သင်္ကြန်အကြတ်နေ့တွင်လှိုင်းများပိုကြမ်းလာသည်။ အိပ်ခန်းအတွင်းသို့ ဘေးလေဝင်ပေါက်မှ ရေများအလုံးလိုက် ဝင်လာနေသဖြင့် အပေါက်ကို ပိတ်ထားကြသည်။ လေမဝင်သဖြင့် မွန်းကျပ်ပြီးပူအိုက်နေသည်။ ကျွန်တော်အိပ်ခန်းအတွင်း မနေနိုင်ပါ။ သင်္ဘောကုန်းပတ်ပေါ်တွင် လေခပ်ကြမ်းကြမ်းတိုက်နေသည်။ လှိုင်းလုံးကြီးများ တစ်လုံးပြီးတစ်လုံး ကုန်းပတ်ကို ကျော်သွားကြသည်။ ကျွန်တော်ပျော်လွန်း၍ သင်္ဘောဦးပိုင်းသို့သွားပြီး ရေနတ်သားနှင့်မေခလာနတ်သမီး ပက်ဖျန်းနေသော သင်္ကြန်ရေကို ခံနေမိသည်။ သင်္ဘောမှာဘယ်-ညာလူးနေသည့်အပြင် ရှေ့နောက်ဦးထောင်လိုက် ပဲ့ထောင်လိုက်နှင့် ဆီးဆောစီး ရသလို နိမ့်လိုက်မြင့်လိုက်ဖြစ်နေသဖြင့်ရင်ထဲတွင် ဟာခနဲဟာခနဲခံစားရသော အရသာကို ကျွန်တော်ကြိုက်နေမိသည်။

တာဝန်ကျဂျပန်စစ်သား တစ်ယောက်ကကျွန်တော့်ကို သင်္ဘောဦးပိုင်းတွင်မနေရန် လာရောက်သတိပေးသည်အထိ ကျွန်တော်ရပ် နေမိပါသည်။

နောက်တစ်နေ့တွင်ဖြစ်ပါသည်။ လှိုင်းလုံးကြီးများ ပို၍ကြီးလာသည်။ ကြီးမားသော လှိုင်းလုံးကြီးများသည် သင်္ဘော၏အပေါ်မှမိုး၍ မိုး၍သွားလေရာ သင်္ဘောကြီးပင်လယ်တွင်းသို့ နစ်၍နစ်၍ သွားသလိုဖြစ်နေပါတော့သည်။ လှိုင်းလုံးကြီးများက သင်္ဘောအပေါ် ရောက်လိုက်၊ သင်္ဘောကလှိုင်းလုံးကြီးများနှင့်အတူ အပေါ်သို့မြောက်ပါသွားလိုက်ဖြစ်နေလေရာ ငယ်ရွယ်သူကျွန်တော့်အဖို့ ထိတ်လန့် ကြောက်ရွံ့ရမည့်အစား ပျော်၍ပင်နေရပါသေးသည်။

ဗိုလ်လောင်း ၂၀ ကျော် လှိုင်းမူး၍လေးဖက်ပစ်နေကြပါပြီ။ အစားအသောက်မစားနိုင်ဘဲ အော့အန်လျက်ရှိကြသည်။ ကျွန်တော်တို့ အိပ်ခန်းအတွင်းမှ ကိုလှဖုန်း၊ ကိုရဲနောင်နှင့် ကိုလူမော်တို့ စကားမေးမရလောက်အောင် အခြေအနေဆိုးနေကြသည်။ အိပ်ခန်းအတွင်း အန်ဖတ်များ ပြည့်နေသည်။ အန်ဖတ်အနံ့ဆိုးများကြောင့် အိပ်ခန်းအတွင်းသို့ မဝင်နိုင်၊ သူတို့ကိုလည်းမပြုစုနိုင်ပါ။ အန်ဖတ်နံ့ကြောင့် ကျွန်တော်လည်း အန်ချင်လာသည်။

ပင်လယ်လှိုင်းကို အတွေ့အကြုံရှိဖူးသော ဂျပန်ရဲဘော်တစ်ယောက်က “အစားအသောက်(ထမင်း)စားပါ၊ ထမင်းစား၍ ဗိုက်ပြည့် နေလျှင်ဗိုက်ထဲရှိ ကလီစာများ မလှုပ်နိုင်တော့သဖြင့် အန်ချင်တော့မည်မဟုတ်” ဟု အကြံပေးသည်။ သူပေးသည့်အကြံအတိုင်း ကျွန်တော် ထမင်းဝအောင်စားသည်။ ထိုနေ့က မြန်မာဗိုလ်လောင်း ခုနစ်ယောက်သာ တန်းစီနိုင်သည်။ ခုနစ်ယောက်သာ ထမင်းစား နိုင်ကြသည်။ ထိုညက “ကုန်းပတ်ပေါ်တက်မအိပ်ရ” ဟု အမိန့်ထုတ်သဖြင့် အန်ဖတ်စော်နံနေသော အိပ်ခန်းအတွင်းသို့ အောင့်အည်း ၍ဝင်ခဲ့ပါသည်။

နောက်တစ်နေ့(ဧပြီလ ၁၆ ရက်)သည်သင်္ကြန်အတက်နေ့ဟုထင်ပါသည်။ လှိုင်းမူး၍ နောက်ကောက်ကျနေသော မြန်မာဗိုလ်လောင်း များမထနိုင်ကြသေးပါ။ လူစွမ်းကောင်းခုနစ်ယောက်သာ တန်းစီနိုင်ကြသည်။ ထမင်းစားနိုင်ကြသည်။ နေ့လယ်ပိုင်းတွင် သင်္ဘော သည် ပင်လယ်တွင်းရှိ တောင်နှစ်လုံးကြားမှဖြတ်ကျော်ခဲ့ရာ ငေးမောအံ့သြရသည်။ ညနေပိုင်းတွင်ဖိလစ်ပိုင်နိုင်ငံသို့ ချဉ်းကပ်မိပါ သည်။

သင်္ဘောသည် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်သွားရာ များမကြာမီမနီလာမြို့ကြီးကို လှပစွာတွေ့မြင်ရပါသည်။ သင်္ဘောသည် ဆိပ်ကမ်းသို့မကပ်ဘဲ ရေလယ်တွင် ကျောက်ဆူးချ ရပ်နားလိုက်သောအခါညနေ ငါးနာရီရှိနေပါပြီ။ ပင်လယ်ကွေ့အတွင်းတွင်ဖြစ်၍ လှိုင်းလေငြိမ်သက် လျက်ရှိသည်။ ညအချိန်တွင် လေးထပ်တိုက်သာ အမြင့်ဆုံးမြင်ဖူးသော ကျွန်တော့်အဖို့ မနီလာမြို့ရှိ မိုးထိ တိုက်ကြီးများမှ မီးထွန်းလိုက်သောအခါ လွန်စွာပင်လှပလွန်းသဖြင့် ရင်သပ်ရှုမော အံ့သြရပြန်ပါသည်။

နောက်တစ်နေ့ ဧပြီလ ၁၇ ရက်၊ နံနက်၁၀ နာရီတွင် သင်္ဘောဆိပ်ကမ်းသို့ကပ်သည်။ ဗောတံတားသို့ သင်္ဘောမကပ်မီပင် တံတားပေါ်မှ ဖိလစ်ပိုင်လူငယ် အများအပြားသည် သင်္ဘောပေါ်သို့လက်များဆန့်တန်းကာ “မေ့ရှိ” ဟုအော်ဟစ်၍ ထမင်းတောင်း နေကြသည်။ သူတောင်းစားများလား၊ ထမင်းငတ်နေသူများလား ခွဲခြားမသိပါ။ သူတို့အားလုံး အမေရိကန်ကောင်းဘွိုင်ပုံစံအတိုင်း ဘောင်းဘီအရှည်များ၊ မြင်းစီးဘောင်းဘီများနှင့် အင်္ကျီအကွက်အကျားများကို ဝတ်ဆင်ထားကြသည်။ သို့သော်အဝတ်အစားများမှာ စုတ်ပြတ်ပေရေလျက်ရှိသည်။ လက်များဆန့်တန်း၍ ထမင်းတောင်းနေပုံမှာ သနားစရာကောင်းလှပါသည်။ ကျွန်တော်တို့ထမင်းကို စက္ကူဖြင့်ထုပ်ပြီး ပစ်ချပေးကြရာ လုယက်စားသောက်ကြသည်။ ထမင်းထုပ်ကိုလုကြရင်း ထိုးကြိတ်သတ်ပုတ်ကြသည်ကို မြင်ရသော အခါ စိတ်မကောင်းဖြစ်မိပါသည်။ 

ဆက်လက်ဖော်ပြပါမည်။