နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ်သို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်)

 နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ်သို့

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြိုးစား မှုနှင့်စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်သည်။ နိုင်ငံကိုယ်စားပြု အားကစားသမားတစ်ဦးဖြစ်လာရန်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။ မိမိကျွမ်းကျင်သည့်အားကစားကို ထူးချွန်စွာ တတ်မြောက် ရမည့်အပြင် ယုံကြည်ချက်၊ ခံယူချက် လည်းရှိထားရမည်ဖြစ်သည်။ ယုံကြည်ချက်ဆိုသည်မှာ မိမိတတ်ကျွမ်းသည့် ဘာသာရပ်၊ မိမိအရည်အချင်း အပေါ်ယုံကြည်မှုရှိရမည်။ ခံယူချက်ဆိုသည်မှာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့အတွက် ငါအကောင်းဆုံးဖြစ် အောင်ကြိုးစား ယှဉ်ပြိုင်မည်ဟူသော စိတ်ဓာတ်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း/ဖလား၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် “က” အဆင့်ဘောလုံးပြိုင်ပွဲ ပထမအကြိုဗိုလ်လုပွဲယှဉ်ပြိုင်မှုများကို နိုဝင်ဘာလ ၁၄ ရက်ညနေတွင်ကျင်းပခဲ့သည်။ အားကစားနည်းများအားလုံးတွင် လူထုပရိသတ် အကြိုက်ဆုံးအားကစားမှာ ဘောလုံးအားကစားဖြစ်သည်။ ဘောလုံးနှင့် ပတ်သက် လာလျှင် မြန်မာပရိသတ်သည် မြန်မာ့ဘောလုံးအောင်မြင်မှုကို တမ်းတမ်းတတရှိနေသည်။ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့ ရွှေခေတ်ရောက်ရှိမည့် အချိန်ကို မျှော်လင့်လျက်ရှိသည်။ ထိုမျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်မှာ တပ်မတော်သားများသည် နံပါတ်တစ်နေရာတွင်ရှိနေသည်။ ထိုသို့ရေးသား လိုက်ခြင်းမှာ တပ်မတော်သားတို့၏ အချိန်ပြည့်လေ့ကျင့်မှု၊ ကြိုးစားမှုကို ဦးတည်ရေးသားခြင်းဖြစ်သည်။ ထို့ပြင်လက်ရွေးစင် အသင်းများတွင် တပ်မတော်သားတို့ ပါဝင်မှုမှာလည်း များပြားလှသည်ဟု ဆိုနိုင်သည်။

တပ်မတော်သို့ဝင်ရောက်စစ်မှုထမ်းဆောင်ကြသူ လူငယ်မောင်မယ်များမှာ ကျန်းမာသန်စွမ်းသူများ ဖြစ်ကြသည်။ ကျန်းမာသန်စွမ်းမှု ရှိမှလည်း နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပေမည်။ ကျန်းမာသန်စွမ်းမှုရှိစေရေးအတွက် တပ်ရင်း/တပ်ဖွဲ့၊ ဌာနချုပ်များတွင် နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ကြရသည်။ နေ့စဉ်နံနက်တိုင်းတွင် PT အပြေးလေ့ကျင့် ကြရသည်။  အပြေးလေ့ကျင့်ခြင်း၊ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းကြောင့်လည်း တပ်မတော်သားတိုင်း ကျန်းမာလျက်ရှိ ကြသည်ဟုဆိုနိုင်သည်။ တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံလျက်ရှိသည့် ကျင့်ဝတ်ခြောက်ဆယ်တွင်လည်း “ကျန်းမာအောင်နေပါ၊ သန်စွမ်းအောင်လေ့ကျင့်ပါ” ဟူသော ကျင့်ဝတ်တစ်ခုရှိပေရာ တပ်မတော်သားများအနေဖြင့် ကျန်းမာအောင် နေထိုင်ကြသည်။ သန်စွမ်းအောင်လေ့ကျင့်နေကြရသည်။

တပ်မတော်သားတစ်ဦးဖြစ်လျက်နှင့် စစ်မြေပြင်၌ ဒဏ်ရာရရှိမှုမှလွဲ၍ မကျန်းမမာဖြစ်ခြင်းမျိုးသည် လွန်စွာရှက်ဖွယ်ကောင်းလှသည် ဟု တပ်မတော်သားတိုင်းက ခံယူထားကြသည်။ ထိုသို့ကျန်းမာအောင် လေ့ကျင့်နေထိုင်ခြင်းကပင်  မိမိတို့ဝါသနာပါရာ အားကစား တစ်ခုခုကို လေ့ကျင့်သွားဖြစ်ကြသည်။ ထိုအားကစားနည်းတွင် ထူးချွန်သောအခါ တပ်ရင်းလက်ရွေးစင်၊ တိုင်းလက်ရွေးစင်များမှ တစ်ဆင့်တက်ကာ  နိုင်ငံ့လက်ရွေးစင်များအထိ အောင်မြင်မှုရရှိသွားကြသည်။ အားကစားတွင်ထူးချွန်စွာ အောင်မြင်ကြသူများကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က ထိုက်ထိုက်တန်တန်ဆုများ ချီးမြှင့်လျက်ရှိသည်။

နိုဝင်ဘာ ၁၂ ရက်နေ့က တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပသည်ကို ရုပ်မြင်သံကြားသတင်းတွင် မြင်တွေ့လိုက်ရသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲဝင်နိုင်ရန်အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီသည့်ကိုယ်ခန္ဓာကြံ့ခိုင်မှု  ပိုမိုပြည့်ဝသူများအား  တိုင်းစစ်ဌာနချုပ်များအလိုက်  စိစစ်ရွေးချယ်ခဲ့ပြီး  အထက်မြန်မာပြည်ပြို င်ပွဲဇုန်အသင်းများမှ အကောင်းဆုံးစံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်း ငါးသင်းနှင့် အောက်မြန်မာပြည်ပြိုင်ပွဲဇုန်အသင်းများမှ အကောင်းဆုံး စံချိန်ရရှိသော ပြိုင်ပွဲဝင်အသင်း ငါးသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ကျင်းပခဲ့ပြီး  အသင်းတစ်သင်းလျှင် အားကစားသမား ၁၂ ဦးစီဖြင့် ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်အားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့သည့်မြင်ကွင်းများမှာ လူငယ်မောင်မယ်တို့အတွက် အားကျအတုယူဖွယ် ဖြစ်သည်။ အားကစားအောင်မြင်မှုသည် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းဖြစ်သည်။  နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်ပေးသူများကို  နိုင်ငံတော်ကလည်း ပြန်လည်ဂုဏ်ပြုခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် လူငယ်မောင်မယ်တိုင်းက  ကြိုးစားသင့်သည်။ ဇွဲ၊ လုံ့လ၊ အားမာန်စိတ်ဓာတ်တို့ဖြင့် ရည်မှန်းချက်ကြီးမားစွာ ထားရှိကြိုးစားမည်ဆိုပါက မအောင်မြင်နိုင်စရာ ရှိမည်မဟုတ်ပါ။ မိမိတို့ဝါသနာထက်သန်ရာ အားကစားတစ်ခုခုကို စွဲစွဲမြဲမြဲလေ့ကျင့် ကြိုးစားကြမည်ဆိုပါက နိုင်ငံတော်၏ ဂုဏ်ကို ဆောင်နိုင်သော အားကစားသမားတစ်ဦး ဖြစ်လာနိုင်ပေမည်။ အနှစ်ချုပ်ဆိုရသော် ထူးချွန်သော တပ်မတော်ဂုဏ်ဆောင် အားကစား သမားများအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် တက်လှမ်းနိုင်ပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။   ။