ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ် (၆၆)
သို့သော် သူတို့ထိုးကြိတ်သတ်ပုတ်ရန်ဖြစ်ပုံမှာ ကြည့်၍ကောင်းလှသဖြင့် ကျွန်တော်တို့စိတ်ဝင်စားလာပါသည်။ သူတို့သတ်ပုတ်ပုံမှာ သူတောင်းစားအချင်းချင်း ခွက်စောင်းခုတ်သည့် ပုံမျိုးမဟုတ်ဘဲ အင်္ဂလိပ်လက်ဝှေ့(Boxing)ကြိုးဝိုင်းအတွင်း ထိုးသတ်ကြသည့် ပုံစံအတိုင်း ဟန်ပြင်ကာ ထိုးသတ်နေကြသည်ကိုမြင်ရသောအခါ သင်္ဘောပေါ်မှခရီးသည်များက လက်ခုပ်တီးအားပေးကြလေသည်။ ထမင်းတစ်လုတ်အတွက် တိရစ္ဆာန်များလို လုယက်သတ်ဖြတ်စားသောက်နေကြရသည်ကို လက်ခုပ်တီး၍ အားပေးမိခြင်းအပေါ် စိတ်မကောင်းဖြစ်မိပါသည်။ လက်ဝှေ့ပွဲကြည့်ကောင်း၍သာ အားပေးမိကြခြင်း ဖြစ်ပေလိမ့်မည်။
ထိုအချိန်က ဖိလစ်ပိုင်နိုင်ငံသည် ကျွန်တော်တို့မြန်မာနိုင်ငံနှင့် ဘဝတူဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်တို့က ၁၉၄၃ ခုနှစ် အောက်တိုဘာလအတွင်းက လွတ်လပ်ရေးပေးခဲ့သည်။ မြန်မာနိုင်ငံကို ၁၉၄၃ ခုနှစ်သြဂုတ် ၁ ရက်တွင် လွတ်လပ်ရေးပေးခဲ့သည်။ ကျွန်တော်တို့ နိုင်ငံများ လွတ်လပ်ရေးရသည်ဆိုသော်လည်း ဖက်ဆစ်ဂျပန်စစ်ဖိနပ်အောက်က မလွတ်ကြပါ။
တိုင်းသူပြည်သားများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကို ခံနေကြရခြင်း၊ ဆင်းရဲမွဲတေငတ်ပြတ်နေကြခြင်းမှာ အတူတူပင် ဖြစ်ကြသည်။ ဘဝတူများဖြစ်ကြပါသည်။ ဘဝတူချင်းမို့ တစ်ဦးနှင့်တစ်ဦး စာနာသနားကြရမည်ဖြစ်သာ ဖြစ်ပါသည်။
သင်္ဘောကိုဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသော်လည်း ဗောတံတားပေါ်သို့ ကျန်းမာရေးလေ့ကျင့်ချိန် အဖွဲ့လိုက်ဆင်းရသည်မှ အပ တစ်ဦးချင်းဆင်းခွင့်မပေးပါ။ ဆိပ်ခံဗောတံတားတွင် ဆိုက်ကပ်ထားသော်လည်း ရေချိုတင်မပေးသေးပါ။ သို့သော်ရေချိုးခန်းကို အသုံးပြုခွင့်ရသည်။ အဝတ်အစားများ လျှော်ဖွပ်ခွင့်ရသည်။ ရေချိုးခန်းတွင် လူများပြည့်ကျပ်နေသည်။ ဂျပန်စစ်သားများနှင့် နေရာလုရင်း ရန်ဖြစ်ကြပါသေးသည်။ မြန်မာဗိုလ်လောင်းများက စနစ်တကျတန်းစီသော်လည် ဂျပန်စစ်သားအချို့က ဗိုလ်ကျပြီး အလှည့်မကျဘဲ ရှေ့သို့တိုးဝင်လာသဖြင့် ပြဿနာစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ဂျပန်စစ်သားတစ်ယောက်က ကိုယ်ထိလက် ရောက်ကျူးလွန်ရန် ဟန်ပြင်လာသဖြင့် ဗိုလ်လောင်းများက လက်ဦးအောင်ဆော်ထည့်လိုက်ကြပါသည်။ ဆရာဟတက ကျွန်တော် တို့ကိုယင်းကိစ္စနှင့် ပတ်သက်၍ ဆူပူကြိမ်းမောင်းခဲ့သော်လည်း ကျွန်တော်တို့ကလည်း မိမိဘက်ကမှန်ကန်နေသဖြင့် အလျှော့ မပေးခဲ့ပါ။ ထိုနေ့မှစ၍ ဂျပန်စစ်သားများ ကျွန်တော်တို့ကို လေးလေးစားစားဆက်ဆံလာကြပါသည်။
အိပ်ခန်းအတွင်း လေမဝင်လှောင်နေသည်။ ပူအိုက်လွန်းလှသည်။ ၁၈ ရက်တွင်သင်္ဘောဆိပ်ခံဗောတံတားမှခွာ၍ ရေလယ်တွင် ကျောက်ချရပ်ထားလိုက်မှ နေသာထိုင်သာရှိသွားပါသည်။ မနီလာမြို့ကို ပင်လယ်တွင်းမှ ကြည့်ရသည်မှာ ပို၍လှပါသည်။ ကုန်းပတ် ပေါ်တက်အိပ်နေကြဖြစ်သောကျွန်တော်တို့ ညမိုးရွာ၍ အခန်းထဲပြေးဆင်းကြရသည်။
သင်္ဘောရေမြှုပ်ဗုံးထိစဉ်က ယာယီသာပြင်ဆင်ပြီး မောင်းနှင်ခဲ့ခြင်းဖြစ်ရာ မနီလာတွင် ဧပြီလ ၁၆ ရက်မှ မေလ ၅ ရက်အထိ အကြီးစားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပါသည်။ သင်္ဘောပြင်ဆင်နေစဉ်ရက်အတွင်း ဗိုလ်လောင်းများမနီလာမြို့တွင်းသို့ အလှည့်ကျ သွားရောက်လည်ပတ်ခွင့်ပေးပါသည်။
မြို့တွင်းသို့သွားရန် မော်တော်တစ်စင်း အသွားအပြန်စီစဉ်ပေးပါသည်။ မနီလာမြို့တွင် သင်္ဘောရပ်နားနေသည့် ရက်ပေါင်း၂၀ အချိန်အတွင်း မြန်မာဗိုလ်လောင်းများ မြို့တွင်းသို့ နေ့စဉ်အလှည့်ကျ သွားရောက်လည်ပတ်ကြသော်လည်း ကျွန်တော်မြို့တွင်းသို့ နှစ်ခေါက်သာ ရောက်ခဲ့ပါသည်။ တစ်ခေါက်မှာ မြို့တွင်းရေချိုးခန်းတွင် အဝတ်လျှော်ရန်ဖြစ်ပြီး တစ်ခေါက်မှာ မြို့တွင်းလည်ပတ် ကြည့်ရှုလေ့လာရန်ဖြစ်ပါသည်။
မနီလာမြို့တွင်းသို့ တစ်ခေါက်သွားပြီးနောက် တစ်ခေါက်သွားလိုစိတ်မရှိတော့ပါ။ မြို့တွင်းသို့ မသွားချင်သည့် အကြောင်းများစွာ ရှိပါသည်။ မြို့တွင်းတွင် စားသောက်ဖွယ်ရာဆိုင်အမျိုးမျိုးရှိသော်လည်း အဖိုးတန်စားကောင်းသောက်ကောင်းများကိုဝယ်မစားနိုင်ပါ။ လမ်းဘေးတွင်ရောင်းသော ဈေးပေါပေါခေါက်ဆွဲပြုတ်ကိုသာ ဝယ်စားနိုင်ပါသည်။ ခေါက်ဆွဲပြုတ်က တော်တော်ညံ့ပါသည်။ သင်္ဘောပေါ်တွင် ထမင်းဟင်းညံ့ညံ့သာစားရ၍ ငတ်နေသော ကျွန်တော်တို့က ညံ့သည်ဆိုလျှင် ထိုခေါက်ဆွဲပြုတ်မည်မျှညံ့သည်ကို သိသာနိုင်ပါသည်။
အခြားအကြောင်းတစ်ခုမှာ မနီလာမြို့တွင်း စစ်သားများ လွတ်လွတ်လပ်လပ် မသွားလာနိုင်ပါ။ မသွားရသော Out Of Bound သတ်မှတ်ထားသော နေရာများရှိသည်။ ဂျပန်စစ်သားများကို ချောင်းမြောင်းသတ်ဖြတ်မှုများလည်း ရှိနေသည်။ လူဆိုးလူမိုက် ခါးပိုက်နှိုက်ပေါသည်။ တက်ကြွသော လူငယ်တစ်ယောက်အနေဖြင့် ထိုလူများနှင့်မတွေ့လိုပါ။ ရင်မဆိုင်လိုပါ။
ဖိလစ်ပိုင်မလေးများမှာ လှသူတွေလှ၊ ချောသူတွေချောကြသည်။ မြန်မာမလေးများနှင့် အသွင်အပြင်မတူ တစ်မူထူးခြားကြည့် ကောင်းသည်ဟုထင်သည်။ ဆံပင်အတိုထားကြသည်။ ဂါဝန်အတိုအရှည် ဝတ်ကြသည်။ ဝတ်စားပုံအမေရိကန်ဆန်သော်လည်း စပိန်ဟန်မပျောက်ပါ။ မြန်မာပြည်ကိုချစ်၊ မြန်မာမလေးများ၏ ဆင်ယင်ထုံးဖွဲ့မှုကိုသာ ချစ်သောသူတစ်ယောက်အနေဖြင့် ဖိလစ်ပိုင်မ ကလေးများကို နောက်တစ်ခါဆင်း၍ ကြည့်ရန် ဆွဲဆောင်မှုတော့မရှိတာအမှန်ပင်။
ကျွန်တော် သင်္ဘောပေါ်ကမဆင်းဘဲ သင်္ဘောကိုယ်ထည်တွင် သံချေးများကို တူဖြင့်ထု၍ခွာခြင်း၊ ဆေးသုတ်ခြင်းများကို လုပ်အားပေး ခဲ့ပါသည်။ သင်္ဘောပေါ်တွင် ထမင်းဟင်းက မကောင်းပါ။ ဝက်သား၊ အမဲသားများ ပုပ်နေ၍ ဗိုလ်လောင်းများ ဝမ်းလျှောကြသည်။
ဆက်လက်ဖော်ပြပါမည်။