ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၇)

အဖွဲ့ခေါင်းဆောင် ဗိုလ်ရဲမောင်တွင် ပထမပတ်ကျောင်းသားများအတွက် ငါးပိကြော်များပါလာသည်။ ဗိုလ်လောင်းအားလုံး သဘောတူညီချက်အရ ငါးပိကြော်တစ်ဘူးကို မနီလာတွင်ပင်ဖောက်၍ စားပစ်လိုက်ကြပါသည်။ထမင်းသာစားရ၍ အာသာမပြေပါ။ မုန့်ဆာနေ၍ ပါးစပ်မှထုတ်ဖော်ပြောမိသောအခါ ကိုလူမော်(ဗိုလ်မှူးကြီးအငြိမ်းစား)က “ကလေးမုန့်လက်ညှိုး စားချင်နေပြီ” ဟု ကျွန်တော့်ကို ကလေးသူငယ်သဖွယ် ကျီစယ်ခြင်းခံရပါသည်။

ခရီးသည်များ ငြီးငွေ့ပျင်းရိမနေစေရန် ဖျော်ဖြေစေရေးအစီအစဉ်များ မကြာခဏပြုလုပ်ပေးပါသည်။ ဂျပန်မကလေးများက သီချင်းဆို ကြသည်။ စုပေါင်းအားကစားပြိုင်ပွဲများပြုလုပ်ကြသည်။ တစ်ညနေတွင် ဂျပန်တပ်ကြပ်တစ်ယောက်အရက်မူးပြီး ဂျီကျနေ သည်။ သူကစိန်ခေါ်သဖြင့်မြန်မာဘက်မှ ကျွန်တော်ထွက်ရပါသည်။

သူ့ကိုယ်အလေးချိန် ၇၅ ကီလိုခန့်ရှိသည်။ကျွန်တော်က ကီလို ၆၀ ခန့်သာရှိသည်။ကျွန်တော်တို့နှစ်ယောက် လက်လှဲပြိုင်ကြသည်။ သုံးချီစလုံး ကျွန်တော်နိုင်သောအခါ ငပုက အံ့သြနေသည်။ ကျွန်တော်က “ခန်းဘုဂေါဟောဆေ့တိုက်ဆုမော”(ဂျပန်နပန်း)ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ “ရောကောစုန” (ဂျပန်နပန်းချန်ပီယံ)ဘွဲ့ရထားတယ်၊ “မိုးမိုးတာရောစန်” လို့ တစ်ကျောင်းလုံးက ခေါ်ကြတယ်။ “မင်းငါနဲ့ဆုမောချမလား” ဟုစိန်ခေါ်လိုက်ရာ ငပု နောက်ဆုတ်သွားပါသည်။

ကိုအေး(ဗိုလ်မှူး-ကျဆုံး)က အင်္ဂလိပ်တပ်မှ ကျန်းမာရေး (P.T) လေ့ကျင့်ခန်းများကို သရုပ်ပြသည်။ “ဟင်းစပရင်” ခေါ်လက် ထောက်၍ ရှေ့ကျွမ်းပစ်ပြရာ ပရိသတ်များ သဘောကျလွန်း၍ လက်ခုပ်တီးအားပေးကြသည်။ လက်ခုပ်တီးတိုင်း ကိုအေးက    ဆက်ကာ ဆက်ကာ ခြေကုန်လက်ပန်းကျသည်အထိ အစွမ်းပြလိုက်ပါသည်။ ထိုညက ကိုအေးတစ်ယောက် ပင်ပန်းလွန်း၍ အပြင်းဖျားပါတော့သည်။

ကိုယ်အပူချိန်များလွန်း၍ ရေခဲတင်ပေးရန် ဆရာဝန်ကညွှန်ကြားပါသည်။ ရေခဲအိတ်မရှိသဖြင့် ဆရာဗိုလ်ဟတက ပါလာသော အက်ဖ်အယ်လ်ထဲရေခဲထည့်ပြီး ကိုအေး၏ နဖူးပေါ်တင်ပေးလိုက်ရာ ကျွန်တော်တို့ရဲဘော်များ ကိုအေးကို နောက်ပြောင်ရန် အကွက်တစ်ခု ရသွားပါသည်။

မေလ ၃ ရက်တွင် သင်္ဘောသည် မနီလာမှခွာခဲ့ပြီး ပင်လယ်ဝတွင် ကျောက်ချရပ်ထားလိုက်ပါသည်။ ထိုနေရာမှ ကြည့်လျှင် မနီလာမြို့ကို ခပ်လှမ်းလှမ်းတွင်မြင်ရပါသည်။ ထိုညတွင် မီးရောင်လင်းနေသော မနီလာမြို့ကိုကြည့်ကာ မနီလာမြို့နှုတ်ဆက်ပွဲ ကလေး တစ်ခု ကျင်းပကြပါသည်။

ဂျပန်မများ သီချင်းဆို၍ ဖျော်ဖြေကြသည်။မနီလာမြို့ကို အလွမ်းနှင့်နှုတ်ဆက်သောသီချင်းကလေးဖြစ်၍ သီဆိုသူများ ဖီလင်ဝင် လာပြီး မျက်ရည်များကျနေကြသည်။ပရိသတ်များနှင့်   စစ်သားများလည်းမျက်ရည်ကျကြသည်။ ဂျပန်စစ်သားများ၊ ဂျပန်အမျိုးသား၊ အမျိုးသမီးများသည်လည်း နှလုံးသားရှိသော လူသားများဖြစ်ကြသည်။ လူသားတိုင်း ရက်စက်ခက်ထန်ကြမ်းကြုတ်သည့်အခါရှိသလို လွမ်းစရာ၊ ဆွေးစရာရှိလျှင်လည်း ခံစားတတ်ကြသည်။ ဂီတသီချင်းများသည် လူသားတို့စိတ်ကိုဆွဲဆောင်သည်၊ ပျော့ပျောင်းစေ သည်၊ သီဆိုသောသီချင်းအမည်မှာ “ဆာရာဘားမနီလာ” (မနီလာကိုနှုတ်ဆက်ပါတယ်)ဖြစ်သည်။ သီချင်းစာသားအဓိပ္ပာယ်မှာ-

“နှုတ်ဆက်လိုက်ပါတယ် မနီလာ၊ နောက်လည်းလာပါဦးမယ်၊ ခွဲခွာရတဲ့အချိန်ကျွန်းကလေးတွေကြားက ဖြတ်လာတော့ မျက်ရည် ကျမိတယ်၊ အရှေ့မိုးကုပ်စက်ဝိုင်းမှာလည်း ကျွန်းကလေးတွေကိုမြင်ရတယ်”

“ရှောရိနိုဟိမဒေ့” (အောင်ပွဲရသည့်နေ့အထိ)သီချင်းမှာလည်း လွမ်းဆွေးဖွယ်ရာနှင့် တက်ကြွဖွယ်ရာများဖြင့် နားထောင်၍လည်း ကောင်း၊ သီဆို၍လည်းအလွန်ကောင်းသော သီချင်းဖြစ်ပါသည်။ “တက်သစ်နေဝန်းနီ (ဂျပန်အလံကိုဆိုလိုသည်)အတွက် မျက်ရည် တွေ ဘယ်လောက်ပဲကျရပါစေ၊ အခြေအနေတွေဘယ်လိုပဲပြောင်းပြောင်း အောင်ပွဲရသည့်နေ့အထိ တို့တစ်တွေ စုပေါင်းတိုက်ပွဲ ဝင်ကြမယ်” ဟူ၍ဖြစ်ပါသည်။ ထိုအချိန်ထိ ဂျပန်တို့သည် အာရှတိုက်ကို စိုးမိုးထားနိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။ ဂျပန် ပြည်သူများ အားမလျှော့ကြရန်လည်း လှုံ့ဆော်အားပေးလျက်ရှိပါသည်။

မေလ ၄ ရက် နံနက် ၆ နာရီ ပင်လယ်ဝမှ သင်္ဘောစတင်ထွက်ခွာချိန်တွင် ဂျပန်မကလေးများက “ဆာရာဘား မနီလာ” သီချင်းကိုသီဆို၍ အကော်ဒီယန်တီးမှုတ်ပေးလျက်ရှိရာ ကြည်နူးစရာလည်း ကောင်းသည်။ ဝမ်းနည်းစရာလည်း ကောင်းနေပါသည်။ သီချင်းထဲတွင်ပါသည့် ကျွန်းကလေးများကို လှပစွာမြင်တွေ့ရသည်မှာ လွမ်းစရာကောင်းနေပါသည်။

မနီလာမှထွက်လာသည်မှာ   ရော့ကိုယိုမာရုသင်္ဘောတစ်စင်းတည်းတော့ မဟုတ်ပါ။ အခြားသင်္ဘောခြောက်စင်းအပြင် တိုက်ရေယာဉ် စစ်သင်္ဘောသုံးစင်းလည်းပါသည်။ ထိုနေ့က မြန်မာဗိုလ်လောင်းများဖြစ်ကြသော လှဖုန်း၊ တင့်ဆွေ၊ ဖေစိန်၊ စိန်ထွေး၊ စောမြသိန်းနှင့် ကျွန်တော်တို့ ကင်းတာဝန်ကျသည်။ ကင်းမှူးအဖြစ် ဂျပန်တပ်ကြပ်တစ်ယောက်က တာဝန်ယူရမည်ဖြစ်၍ ကျွန်တော်တို့ မကျေနပ်ကြပါ။ သို့သော်ကျွန်တော်တို့ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့ကြပါသည်။ အလံတိုင်ထိပ်တွင် စောင့်ရသောကင်းမှာ မသက်သာလှပါ။ အမိုးမရှိ၍ နေပူခံရသည်။ သင်္ဘော၏ အမြင့်ဆုံးနေရာတွင်ဖြစ်၍ သင်္ဘောနည်းနည်းလှုပ်လျှင် အပေါ်ပိုင်းက များများလှုပ်သည်။

လှိုင်းကြီးသောအခါ သင်္ဘော ဘယ်၊ ညာစောင်းလျှင် ကင်းစောင့်နေသောနေရာသည် ရေပြင်နှင့်ထိသွားမည်လားဟု ထင်ရသည်။ ကျွန်တော့် ကင်းအလှည့်တွင် လူလုံးခန့်ရှိသော ငါးတစ်ရာကျော်ခန့် သင်္ဘောအနီးမှ ဖြတ်သွားသည်ကို အံ့သြဖွယ်ရာ တွေ့လိုက်ရပါ သည်။

ဆက်လက်ဖော်ပြပါမည်။