ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၆၈)
သင်္ဘောသည် ဖော်မိုဆာ(တိုင်ဝမ်)သို့ ဦးတည်မောင်းနေခြင်းဖြစ်ပါသည်။ ဖိလစ်ပိုင်ကျော်လျှင် အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာရှိပြီး အနောက်ဘက်တွင် တောင်တရုတ်ပင်လယ်ရှိပါသည်။ ပင်လယ်ကျယ်ကို ဖြတ်နေရခြင်းဖြစ်၍ လှိုင်းကြီးသည်။
လေထန်သည်။ လှိုင်းလုံးကြီးများ သင်္ဘောထက်မြင့်သဖြင့် မော့ကြည့်ရသည်။မြူနှင်းများ ထူထပ်စွာကျနေ၍ ရာသီဥတု အေးလာသည်။ မြင်ကွင်း မကောင်းသဖြင့်သင်္ဘောကို ဖြည်းဖြည်းပဲမောင်းနေရသည်။
သင်္ဘောတစ်စင်းနှင့်တစ်စင်းပင် မမြင်ရသဖြင့် မီးဖြင့် အချက်ပြခြင်း၊ ဥသြဖြင့် အချက်ပေးခြင်းများ ပြုလုပ်လျက် ရှိပါသည်။မေလ ၇ ရက်တွင် ဖော်မိုဆာကို မြင်နေရပါပြီ။ အရှေ့ဘက်တွင် တာကေအိုခေါ် ကိုဆွမ်း(Kaohsiung) မြို့ရှိသည်ဟု သိရသည်။ မေလ ၈ ရက်တွင် ဖော်မိုဆာကျွန်း၏ မြောက်ဘက်အစွန်တွင် ရှိသော စီလောင်းမြို့ (Chilung)သို့ ရောက်ရှိပါသည်။ စီလောင်းဆိပ်ကမ်းသည် အတွင်းတွင်ရှိနေသည်။ သင်္ဘောသည် တောင်နှစ်လုံးကြားမှ ဝင်သွားရသည်။ ရာသီဥတုမှာ မိုးအုံ့ပြီး မြူဆိုင်းနေသည်။ တောင်ကုန်းတောင်တန်းများ၊ လယ်ကွင်းစိုက်ကွင်းများ စိမ်းလန်းစိုပြည် သာယာလှပစွာ မြင်ရသည်။
အုံ့ဆိုင်းနေသော ရာသီဥတုကြောင့် စိတ်ရွှင်လန်းရမည့် အစား လွမ်းသလို ဆွေးသလို ခံစားနေရပါသည်။ ကျယ်ပြန့်သော ပင်လယ်ပြင်မှ ကျဉ်းကျဉ်းကျပ်ကျပ်ထဲ ဝင်လာရသဖြင့် စိတ်မကြည်မလင်ဖြစ်ရသည် ထင်သည်။ အမိမြေကို လွမ်းတာလည်း ပါပေလိမ့်မည်။ စီလောင်းတစ်မြို့လုံးမြူနှင်းများနှင့် မီးခိုးများ ဖုံးလွှမ်းနေသည်။ တိုက်တာနေအိမ် အဆောက်အအုံများ ဟောင်းနွမ်းနေသည်။ မနီလာကဲ့သို့ မိုးထိတိုက်ကြီးများ မရှိပါ။ (၁၉၄၄ ခုနှစ်ဖြစ်သည်။)
ဆိပ်ကမ်းသို့ သင်္ဘောကပ်ပြီးသည်နှင့် ဗိုလ်လောင်းများ တန်းစီရသည်။ ဆရာ ဗိုလ်ဟတက”ဖော်မိုဆာ(တိုင်ဝမ်)သို့ ချောမောစွာ ရောက်ရှိသည့်အတွက် ဝမ်းသာကြောင်း၊ ကျွန်တော်တို့သင်္ဘောအုပ်စုတွင် နောက်မှပါလာသော သင်္ဘောတစ်စင်း နစ်မြုပ်သွားကြောင်း ပြောပါသည်။ စီလောင်းတွင် သင်္ဘောကပ်ထားစဉ် လိုက်နာရမည့် စည်းကမ်းများကိုလည်း ပြောပါသည်။
တန်းမဖြုတ်မီ ဗိုလ်လောင်းရဲဘော်များသည် ဖော်မိုဆာတွင် ကွယ်လွန်သွားခဲ့သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်သန်းတင်အား ရည်စူး၍ အလေးပြုကြသည်။
စီလောင်းတွင် သင်္ဘောသုံးရက် ရပ်နားပါသည်။ ရပ်နားစဉ်အတွင်း ရိက္ခာများ တင်သည်။ အသားငါးများ၊ မုန်လာဥ၊ ကန်စွန်းဥ၊ အာလူး စသည့် ဟင်းသီးဟင်းရွက်များ၊ စည်သွတ်ဘူးနှင့် သကြားများအပြင် ရေခဲများလည်း ပါဝင်ပါသည်။ ငှက်ပျောသီးပေါသည်။ မြို့တွင်းတွင် ငှက်ပျောခြောက်များကို လှပသော ကတ်ဘူးများဖြင့်ထည့်၍ ရောင်းချသည်ဟု သိရပါသည်။ ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည်ဟု သိရပါသည်။ ငှက်ပျောခြောက်မှာ မြန်မာပြည်မှ ငှက်ပျောခြောက်နှင့် အတူတူသာဖြစ်ပါသည်။ သကြားလည်း ပေါပုံရသည်။ သကြားမှာ ကြံမှထုတ်ခြင်းမဟုတ်ဘဲ ကန်စွန်းဥမှ ထုတ်လုပ်သည်ဟု သိရပါသည်။ ဂျပန်လူမျိုးများ သကြား အလွန်ကြိုက်သည်။ ဆရာဟတနှင့် ဂျပန်ဆရာ တပ်ကြပ်ကြီးတို့ သကြားအိတ်များ သွားဝယ်ကြသည်။ ဂျပန်ပြည်ရှိ သူတို့ မိသားစုအတွက်နှင့် ဗိုလ်လောင်းများ အတွက်လည်းပါသည်။ ဗိုလ်လောင်းများအတွက် ဝယ်ခဲ့သော သကြားအိတ်များကို ဂျပန်ပြည်အရောက်တွင် ဆရာဗိုလ်ဟတအား ပေးလိုက်ကြရပါသည်။
စီလောင်းတွင် သင်္ဘောရပ်နားစဉ်ရက်များအတွင်း မြို့တွင်းသို့ သွားရောက် လည်ပတ်ခွင့်ပေးပါသည်။ ကျွန်တော်မသွားခဲ့ပါ။ မြို့အခြေအနေ တစ်ပိုင်းတစ်စကို သင်္ဘောပေါ်မှ မြင်နေရသည်။ ဖော်မိုဆာသည် ဂျပန်လက်အောက်ခံဖြစ်သည်။
နှစ်ရှည်လများ ဂျပန်တို့အုပ်စိုးခဲ့၍ ဖော်မိုဆာတွင် နေထိုင်သူများ ဂျပန်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဂျပန်ပုံစံ သွင်းထားသည်။ ဂျပန်ပြည်သည် ဘုရင်မင်းမြတ်ကို အထွတ်အထိပ်ထားကာ စစ်အာဏာရှင်ဝါဒဖြင့် အုပ်ချုပ်နေသောအချိန်ဖြစ်သည်။
မေလ ၁၁ ရက် နံနက် ၆ နာရီတွင် စီလောင်းဆိပ်ကမ်းမှ သင်္ဘောထွက်ခွာခဲ့ပါသည်။ သင်္ဘောသည် အရှေ့တရုတ်ပင်လယ် (East China Sea) အတွင်းသို့ ဝင်ရောက်သွားပါသည်။ အရှေ့ဘက်တွင် အိုကီနာဝါကျွန်းရှိသည်။ အိုကီနာဝါကျွန်း၏ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာဖြစ်ပါသည်။ အိုကီနာဝါကျွန်းဘက်တွင် အမေရိကန်ရေတပ်၊ ရေငုပ်သင်္ဘောနှင့် လေကြောင်းရန်ရှိသည်။ သို့ဖြစ်၍ တရုတ်ပြည် အရှေ့ဘက်ကမ်းခြေဘက်မှ ကပ်မောင်းနေပါသည်။ မေလ ၁၃ ရက်တွင်ရှန်ဟဲမြို့အနီးသို့ ရောက်နေပြီဟု သိရပါသည်။ မိုးအုံ့ပြီး နှင်းများပိတ်နေ၍ သင်္ဘောရှေ့သို့ မတိုးနိုင် ကျောက်ချပြီး အတန်ကြာရပ်နေရသည်။ ပင်လယ်ထဲတွင် ကျွန်တော်တို့ချည်း မဟုတ်ပါ။ တံငါလှေကလေးများ ရေပြင်ဝယ် အပြည့်ရှိနေသည်။
ထိုအချိန်တွင် ဂေါ်ရာတင်မောင်(ဗိုလ်မှူး-ကွယ်လွန်)က ပြည်လှဖေသီ ဆိုသော ရွှေတံငါသီချင်းကို သီဆိုလေရာ အသံလည်းကောင်း၊ ဆိုပုံလည်း ကောင်း၍ နားထောင်၍ ကောင်းလှသည်။ ရွှေတံငါ သီချင်းကို ကြားရတိုင်း ထိုအချိန်က မြင်ကွင်းကို မျက်စိထဲမြင်လာသည်။
မေလ ၁၄ ရက်တွင် ပင်လယ်ရေ အရောင်သည် အစိမ်းရောင်မှ ဝါကြန့်ကြန့်အရောင်သို့ ပြောင်းလာသည်။
ပင်လယ်ဝါ (Yellow Sea)သို့ ဝင်ရောက်လာပါပြီ။
မေ ၁၆ ရက်တွင် ပင်လယ်ရေအရောင် အဝါရောင်မှ အစိမ်းရောင်သို့ပြောင်းလာ ပါသည်။ ကိုရီးယားကမ်းခြေသို့ရောက်နေပြီဟု သိရပါသည်။ သင်္ဘောသည် အရှေ့တောင်ဘက်သို့ လှည့်မောင်းနေပါသည်။ ဂျပန်ပင်လယ် (Sea of Japan) ထဲ ရောက်နေပါပြီ။ မိုးရွာနေပါသည်။ လှိုင်းကလည်းကြီးသည်။ လေကလည်း ပြင်းပြင်းထန်ထန် တိုက်နေသည်။
ဆက်လက်ဖော်ပြပါမည်။