ပိုလန်သို့ ကျရောက်ပေါက်ကွဲသည့် ဒုံးကျည် ရုရှားနိုင်ငံ အတွင်းမှ လာခြင်းမဟုတ်

ပိုလန်သို့ ကျရောက်ပေါက်ကွဲသည့် ဒုံးကျည် ရုရှားနိုင်ငံ အတွင်းမှ လာခြင်းမဟုတ်

    နိုဝင်ဘာ ၁၅ ရက်တွင်   ပိုလန်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲသည့် ဒုံးကျည်လာရာ လမ်းကြောင်းကို NATO  တပ်ဖွဲ့၏ ကင်းထောက်လေယာဉ် တစ်စင်းက ခြေရာခံမိထားပြီး ထိုဒုံးကျည်သည်   ရုရှားနိုင်ငံအတွင်းမှ လာခြင်းမဟုတ်ကြောင်း အမေရိကန် သမ္မတက    ထုတ်ဖော်ပြောထားသည်ဟု သိရသည်။

ယူကရိန်းနယ်စပ်အနီး   ပိုလန်နိုင်ငံအတွင်းရှိ ကျေးရွာတစ်ရွာသို့    ဒုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လယ်သမား နှစ်ဦးသေဆုံးကြောင်း၊  ထိုဒုံးကျည်သည် ရုရှားနိုင်ငံလုပ် ဒုံးကျည်ဖြစ်ကြောင်း ပိုလန်အစိုးရက ထုတ်ပြန်ကာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်သည်။

အလားတူ   ယူကရိန်းသမ္မတ ဇီလန်စကီကလည်း    ပိုလန်ပိုင်နက် အတွင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ရုရှား နိုင်ငံ၏ လက်ချက်ဖြစ်ကြောင်းနှင့် NATO  တပ်ဖွဲ့အနေဖြင့် ရုရှားနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ယူကရိန်းအရေးကို နေ့ညမပြတ် စောင့်ကြည့်နေသည့်   NATO တပ်ဖွဲ့မှ ကင်းထောက်လေယာဉ် တစ်စင်းက ပိုလန်နိုင်ငံအတွင်း   ကျရောက်ပေါက်ကွဲသည့် ဒုံးကျည်လာရာ လမ်းကြောင်းကို ခြေရာခံမိထားကြောင်းနှင့် အချက်အလက် အသေးစိတ်ကို NATO တပ်ဖွဲ့နှင့် ပိုလန်နိုင်ငံသို့ ပေးပို့ထားကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက CNN သတင်းဌာနသို့ပြောသည်။

NATO တပ်ဖွဲ့သည် ယူကရိန်းပဋိပက္ခ စတင်ကတည်းက တာဝေးကင်းထောက်ရေဒါနှင့် တစ်ဆင့်ခံ ဆင်ဆာများ တပ်ဆင်ထားသည့်   E-3A လေကြောင်းကြိုတင် သတိပေးနှင့် ထိန်းချုပ်စနစ် လေယာဉ်များကို အသုံးပြုနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင်   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါဒုံးကျည်သည် ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးဒုံးကျည် တစ်စင်းဖြစ်ကြောင်း NATO တပ်ဖွဲ့နှင့် G-7 အဖွဲ့  အရေးပေါ် အစည်းအဝေးတွင် ပြောထားသည်။

“စုံစမ်းစစ်ဆေးမှုကို အပြည့်အစုံမလုပ်ပြီးမချင်း မိမိအနေနဲ့ အတိအကျ မပြောလိုပေမယ့် ပဏာမစစ်ဆေးချက်အရ ဒုံးကျည်သွားရာ လမ်းကြောင်းကိုကြည့်ရင်  ဒါဟာ ရုရှားနိုင်ငံဘက်ကနေ လာတာမဖြစ်နိုင်ပါဘူး”ဟု ဂျိုးဘိုင်ဒင်ကပြောသည်။

ထို့အတူ ယူကရိန်း-ပိုလန်နယ်စပ် အနီးဝန်းကျင်တွင်   ရုရှားဘက်က  မည်သည့် တိုက်ခိုက်မှုမှ မရှိကြောင်းနှင့် ထွက်ပေါ်လာသော ဓာတ်ပုံများအရ   အပျက်အစီးများသည် ရုရှားနိုင်ငံ၏ လက်နက်နှင့်  ဆက်စပ်မှု မရှိကြောင်း    ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။