မြောက်ကိုရီးယားက အမေရိကန်ကို ပြင်းထန်စွာ သတိပေးပြီးနောက် ဒုံးကျည်တစ်စင်းပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံက နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန်နိုင်ငံကို ပြင်းထန်စွာသတိပေးမှု လုပ်ဆောင်ပြီးနောက် အရှေ့ပင်လယ် (ဂျပန်ပင်လယ်) အတွင်းသို့ တာတိုပစ် အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်လိုက်ကြောင်း သိရသည်။
အမေရိကန်အနေဖြင့် ဒေသတွင်းမဟာမိတ်များနှင့် ပူးပေါင်းကာ ကိုရီးယားကျွန်းဆွယ်ပတ်ဝန်းကျင်၌ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာမှုသည် ရူးမိုက်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် ပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆန်ဟီးက သတိပေးပြီးနောက် ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်ကိုရီးယားသမ္မတ၊ ဂျပန်ဝန်ကြီးချုပ်တို့နှင့် နိုဝင်ဘာ ၁၃ ရက်တွင် ဖနွမ်းပင်မြို့၌ တွေ့ဆုံစဉ် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းကတိပြုပြီးနောက် မြောက်ကိုရီးယားက ယခုကဲ့သို့ သတိပေးလာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်သော ဒုံးကျည်သည် နံနက် ၁၀ နာရီ ၄၈ မိနစ်တွင် ကန်ဝန်ပြည်နယ်ရှိ ဝန်ဆန်အရပ်မှလာခြင်း ဖြစ်ပြီး အမြင့် ၄၇ ကီလိုမီတာမှနေ၍ အသံထက် လေးဆမြန်သောနှုန်းဖြင့် ကီလိုမီတာ ၂၄၀ အကွာအဝေးအထိ ပျံသန်းသွားခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ပြီးနောက် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း ကြိုတင်စီစဉ်ထားသည့် ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်သည်။
အဆိုပါလေ့ကျင့်ခန်းတွင် Aegis ဒုံးကျည်ကာကွယ်ရေးစနစ်များတပ်ဆင်ထားသည့် ဖျက်သင်္ဘောများလည်း ပါဝင်ကြောင်း သိရသည်။
Ref: Yonhap
