ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၉)

တိုက်ခတ်သောလေသည် “ခါမိခါဇေ” တော့ မဟုတ်တန်ပါ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မွန်ဂိုဘုရင် ကူဗလိုင်ခန်၏ ရေတပ်များ ဂျပန်ပြည်သို့ သွားရောက် တိုက်ခိုက်ရာတွင် ဤနေရာမှပင် ဖြတ်ခဲ့ သည်ဟု ခန့်မှန်းမိပါသည်။

ခရစ်နှစ် ၁၂၇၄ ခုနှစ် နောက်ပိုင်းလောက်တွင် မွန်ဂိုဘုရင် ကူဗလိုင်ခန်သည် ရွက်သင်္ဘောအစင်းပေါင်း တစ်ထောင် ကျော်ခန့်၊ မွန်ဂိုစစ်သည် နှစ်သောင်းခွဲ၊ ကိုရီးယားလဲဗီးတပ်သား တစ်သောင်းခွဲ အင်အားဖြင့် ဂျပန်ပြည်သို့ ချီတက်တိုက်ခိုက်ခဲ့သည်။ တပ်များ ဂျပန်မြေပေါ်သို့ တက်နိုင်ခဲ့သော်လည်း ကြီးမားသော မုန်တိုင်းကြီးလာတော့မည်ကို ခန့်မှန်းသိရှိကြသဖြင့်   သင်္ဘောများပေါ်တက်ပြီး ဆုတ်ခွာခဲ့ရသည်။ လေမုန်တိုင်းဒဏ်ကြောင့် သင်္ဘောမြောက်မြားစွာနှင့် စစ်သည် ၁၃၀၀၀ ခန့်ဆုံးရှုံးခဲ့သည်။ စိတ်မကျေနပ်သော ကူဗလိုင်ခန်သည် ၁၂၈၁ ခုနှစ် ဇွန်လတွင်  ရွက်သင်္ဘောအစင်းပေါင်း ငါးထောင်ခန့် စစ်သည်အင်အား ၁၇၀၀၀၀ ခန့်ဖြင့်  ဂျပန်ပြည်ကို  ဒုတိယအကြိမ် တိုက်ခိုက်ပြန်သည်။ ဒုတိယအကြိမ်တွင် ပိုမိုပြင်းထန်လှသော တိုင်ဖွန်းမုန်တိုင်းကြီး တိုက်ခတ်လိုက်သဖြင့်   သင်္ဘောပေါင်း လေးထောင်ခန့်နှင့် စစ်သည် ၁၃၀၀၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ ထိုမုန်တိုင်းကို ဂျပန် ဘုန်းတော်ကြီးများက နတ်ဘုရားများကို တိုင်တည်ပင့်ခေါ်ခဲ့သည်ဟု အယူရှိခဲ့ကြသည်။ သို့ဖြစ်၍ ထိုမုန်တိုင်းကို ဂျပန်တို့က “ခါမိခါဇေ” ဟုခေါ်ကြသည်။ “ခါမိ” မှာ နတ်ဖြစ်ပြီး “ခါဇေ” မှာ လေဖြစ်သည်။ နတ်ဘုရားတို့ စေလွှတ်လိုက်သော “ခါမိ ခါဇေ” မုန်တိုင်းကြောင့် ရန်သူသင်္ဘောများ ပျက်စီးခဲ့ရပြီး ဂျပန်ပြည်ကြီး အေးချမ်း သာယာရခဲ့သည်ဟု ယုံကြည်ယူဆခဲ့ကြသည်။

ကျွန်တော်တို့သည် ဂျပန်ပြည်ကို တိုက်ရန်လာရောက်သူများ မဟုတ်ကြ၍ ယခုတိုက်နေသော မုန်တိုင်းမှာ “ခါမိခါဇေ” မဟုတ်နိုင်ပါ။

မေလ ၁၉ ရက်တွင် သင်္ဘောသည် အရှေ့စူးစူးသို့ မောင်းနေသည်။ တစ်ခါ တစ်ရံကျွန်းကလေးများကြားမှ သွားရသည်။ ကျူရှူး ကျွန်းကို မြင်နေရပါပြီ။ ဂျပန်ပြည်ကို မြင်ရသည်နှင့်သင်္ဘောပေါ်ပါလာသော ဂျပန်မများနှင့် ကလေးများက “နိုက်ချိ” ဟု ဝမ်းသာ အားရအော်ကြသည်။ အမိမြေကို ရောက်ပြီဟု အားရဝမ်းသာအော်ကြခြင်း ဖြစ်ပါသည်။ ညသန်းခေါင်အချိန်ခန့်တွင် သင်္ဘောရပ်သွား ပါသည်။ နောက်တစ်နေ့ နံနက် မေလ ၂၀ ရက်တွင် သင်္ဘောမှာ ရေလယ်တွင် ကျောက်ချထားလျက်ရှိသည်။

ကျန်းမာရေးစစ်ဆေးရဦးမည်။ မစင်ကလေးများထုတ်ပေးရသည်။ သင်္ဘောဆက်မောင်းပြီး နေ့ခင်းတစ်နာရီခန့်တွင် “မိုးဂျီ” ဆိပ်ကမ်းအနီး ရေလယ်တွင် ကျောက်ချရပ်လိုက်ပါသည်။ မကြာမီ ကျန်းမာရေးဆေးစစ်ရန်အဖွဲ့များ သင်္ဘောငယ်ကလေး တစ်စင်းဖြင့် ရောက်လာပြီး သင်္ဘောပေါ်ရှိ ခရီးသည်အားလုံးကို တစ်ဦးချင်းဆေးစစ်ပြီး ဆေးထိုးခြင်းများပြုလုပ်ရာ လူနှစ်ရာကျော်ရှိ သဖြင့် ညနေစောင်းမှ ပြီးစီးပါသည်။ ထိုအတောအတွင်း တူညီဝတ်စုံဝတ်ထားသောကျောင်းသား၊ ကျောင်းသူကလေးများ သင်္ဘော တစ်စင်းဖြင့် ရောက်လာပြန်ပါသည်။ ရော့ကိုယိုမာရုသင်္ဘောနှင့်ပါလာသော စစ်မြေပြင်တွင်ကျဆုံးသည့် ဂျပန်စစ်သားများ၏ အရိုးအိုး နှစ်ရာခန့်ကို သယ်ရန်ဖြစ်ပါသည်။ တူညီဝတ်စုံဝတ်ထားသော ကျောင်းသား၊ ကျောင်းသူများ တစ်ဦးချင်း တန်းစီကာ  အရိုးအိုးတစ်ခုချင်းကို ဖြည်းညင်းစွာ  သယ်ဆောင်သွားကြစဉ် သင်္ဘောပေါ်ရှိ အရာရှိများ၊ စစ်သည်များနှင့်ခရီးသည်များက ငြိမ်သက်စွာရပ်နေ၍ အလေးပြုကြရပါသည်။ တိုင်းပြည်အတွက် အသက်ပေးသူများဖြစ်၍ လေးစားပါသည်။ အလေးပြု လိုက်ပါသည်။

ဗိုလ်လောင်းများ သင်္ဘောကုန်းပတ်ပေါ်တွင် ကုန်းပေါ်တက်ရန် လာကြိုမည့် သင်္ဘောကို  စောင့်နေရပါသည်။   မိုးကရွာနေသည်။  မိုးရွာထဲတွင် နှစ်နာရီခန့် ရပ်စောင့်နေ၍   ခိုက်ခိုက်တုန်အောင်ချမ်းလှပါသည်။ ဗိုလ်လောင်းများ “ရော့ကိုယိုမာရု” သင်္ဘောကြီးအား “အိုဂေါကဒေါဆာမ” ဟု ကျေးဇူးတင်ကြောင်း အလေးပြုနှုတ်ဆက်ပြီး သင်္ဘောကလေးပေါ်သို့ ဆင်းခဲ့ကြသည်။

မိုးဂျီဆိပ်ကမ်းရုံးအတွင်း ဝင်သောအခါ ည ခုနစ်နာရီခန့်ရှိနေပါပြီ။ အဆောက်အအုံ အတွင်းသို့မဝင်မီ တစ်ကိုယ်လုံးဆေးများဖြင့် ပက်ဖျန်းခံရပါသည်။ ဆိပ်ကမ်းရုံးအတွင်းတွင် လူဝင်မှုဌာန၊ အကောက်ခွန်ဌာနများမှ စစ်ဆေးခြင်းကိုခံရပါသည်။ 

အကောက်ခွန်ဌာနမှ ကျွန်တော်တို့တွင် ပါလာသောစီးကရက်များနှင့် သံအမတ်ကြီး ဦးသိမ်းမောင်အတွက် ယူဆောင်လာသော ဆေးပြင်းလိပ်ထုပ်များကို သိမ်းဆည်းသွား ပါသည်။

တည်းခိုရမည့် ဟိုတယ်ကလေးများသို့ မော်တော်ယာဉ်ဖြင့် ကူသယ်ခေါက်သယ် ပို့ပေးပါသည်။ မော်တော်ယာဉ်ကို မစောင့် လိုသဖြင့် တပ်ကြပ်ကြီး ဦးဆောင်ကာ ခြေကျင်ချီတက်ကြသည်။ စစ်အတွင်း ဟိုတယ်ကြီးကြီးမားမားမထားဘဲ အိမ်ငယ်ကလေးများကို  တည်းခိုရန်စီစဉ်ထားခြင်းဖြစ်ပါသည်။  ဟိုတယ်အငယ်စား(ရီးယော်ခန်း) ဟုခေါ်ပါသည်။ တစ်နေရာတည်း၊ တစ်စုတည်းမနေရသဖြင့် ဗုံးကျလျှင်  အသေအပျောက်နည်းပါးရန်ဟု သိရပါသည်။ တည်းခိုရန်အိမ်ကလေးများ တောင်ကုန်းပေါ်တွင်ရှိသည်။ မြို့၊ သင်္ဘောဆိပ် နှင့် ပင်လယ်တွင်းရှိ သင်္ဘောများကို အပေါ်မှ စီး၍မြင်နိုင်ပါသည်။

ဆက်လက်ဖော်ပြပါမည်။