
ယမန်နေ့မှအဆက်
ဒီစာထဲမှာ မင်းရေးထားတဲ့အတိုင်း အမှန်ပဲလား
ပါမောက္ခချုပ်က မောင်ငြိမ်းချမ်းကိုမေးသည်။
အမှန်ပါပဲ ဆရာကြီး
မင်းမိဘက လယ်သမားဆိုတော့ လယ်လုပ်ငန်းလုပ်တတ်သလား
လုပ်တတ်ပါတယ် ဆရာကြီး ထွန်နဲ့ထယ် ဘယ်လိုကွာခြားလဲ
ထွန်က ကန့်လန့်တုံးမှာ ထွန်သွားအချောင်းတွေတပ်ပြီး ထွန်ရပါတယ်။ ထွန်ပေါ်လူက တက်စီးပြီး နွားနှစ်ကောင်ကို မောင်းနှင်ရပါတယ်။ ထယ်ကတော့ သစ်သားကောက်ထယ်တုံးမှာ ထယ်သွားတပ်ပြီး မြေကြီးကိုနှစ်ခြမ်းကွဲအောင် နွားနဲ့ဆွဲပြီး ထယ်ထိုးရပါတယ်
ဒီစာထဲမှာ ကျောက်ဆည်ခရိုင်ပညာရေး ကြီးကြပ်မှု ကော်မတီရဲ့မူဆိုတာက မင်းပြောသလိုအမှန်ပဲလား
အမှန်ပါပဲခင်ဗျာ။ ကျောက်ဆည်ခရိုင် ပညာဝန်ရုံးကို မေးကြည့်လို့ရပါတယ်။ ဒီကျောင်းမှာ ညကျောင်းလာတက်နေတဲ့ ခရိုင်ပညာဝန်ရုံးစာရေးကြီး ဦးကံဆိုတာရှိပါတယ်။ သူ့ကိုခေါ်မေးရင်လည်း ရပါတယ်
မောင်ငြိမ်းချမ်း အခိုင်အမာပြောသည်ကို ပါမောက္ခချုပ်ကျေနပ်သွားဟန်တူပါ၏။
ကောင်းပြီ မင်းလူရည်ချွန်လည်းရထားတဲ့ ကျောင်းသားပဲ။ ပညာကိုသာကြိုးစားပါ။ မင်းရဲ့ပညာသင်ကြားရေးအတွက် နိုင်ငံတော်က ကူညီထောက်ပံ့မှာပါ ကျန်ဆရာများက အနည်းအပါးသာမေးပြီး မောင်ငြိမ်းချမ်းကိုပြန်လွှတ်လိုက်ပါသည်။ အဖြေကို သိခဲ့ရသလိုပင် မောင်ငြိမ်းချမ်းဝမ်းသာနေမိသည်။
တက္ကသိုလ်များအုပ်ချုပ်ရေးရုံးမှ အဆင့်ဆင့်တာဝန်ရှိသူများ အနေဖြင့် မောင်ငြိမ်းချမ်းရေး လိုက်သောစာကို အလေးအနက်ထားပြီး ပါမောက္ခချုပ်ထံသို့ ပို့ပေးလိုက်သည်ကို လေးစားမဆုံး ဖြစ်မိသည်။
လူတစ်ယောက်သည် မိမိလုပ်ချင်သည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် အဟန့်အတား အနှောင့်အယှက်များရှိလျှင် လွယ်လွယ်နှင့် စိတ်ပျက်လက်လျှော့ မပြုသင့်။ မိမိလုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသင့်သည်။ ကြိုးစားလျှင် ကောင်းကျိုးရသည်ဟုလည်း သင်ခန်းစာယူလိုက်မိပါသည်။
ပညာသင်ထောက်ပံ့ကြေးရသူများစာရင်း ကြေညာသောအခါ မောင်ငြိမ်းချမ်းပါဝင်သည်။ မောင်ငြိမ်းချမ်း ပညာသင်ထောက်ပံ့ကြေးအဖြစ် လစဉ် ၇၅ ကျပ်ရပါသည်။
သူငယ်ချင်းဖြစ်သူ တက်ထွန်းကို ဝမ်းသာအားရပြောပြသောအခါ ကောင်းပါတယ် ဒါပေမဲ့ ကျောင်းလခကုန်ကျတာကို ငါဆက်ပေးမယ်။ ပြီးတော့ မင်းအသက်ကြီးမှသင်ရတာ ထူးထူးချွန်ချွန်အောင်ရမယ်။ သူများလို သာမန်လောက် အောင်တာဆိုရင် အလကားပဲ။
စာအုပ်တွေဘာတွေ လိုတာဝယ်ဖတ်ရမယ်။ စာအုပ်ဖိုးလိုတာတို့ အခြားသုံးဖို့လိုတာတို့ရှိရင်လည်း ထပ်မှာဘာမှအားမနာနဲ့ ဟုပြောပါသည်။
ကျေးဇူးတင်စရာကောင်းသော သူငယ်ချင်းဖြစ်ပါ၏။
နွေရာသီနှင့်လူရည်ချွန်စခန်း
စာမေးပွဲပြီးသည့်နောက် ကျောင်းပိတ်၍ အမေကြီးနှင့် ဦးလေးရှိရာ ရွာသို့ပြန်ခဲ့၏။ အိမ်ရှေ့မှ ညောင်ပင်ကြီး ရွက်နုတွေဝေပြီ။ ရွာရှုခင်းက စိမ်းစိမ်းစိုစိုသာယာနေ၏။ နွေဆိုသော်လည်း ရွာမှာမပူ။ သစ်ပင်အရိပ်ကောင်း၍ လေကလေးက အေးနေ၏။ နွေသဘာဝနှင့် ရွာအလှကို သဘောကျသည်။ အမေကြီးနှင့် ဦးလေးတို့၏ မေတ္တာရိပ်ကလည်း အေးချမ်းသည်။
ရွာမှာနေရသည်ကို မောင်ငြိမ်းချမ်းသဘောကျမိသည်။
အင်း...ငါ့မြေးလည်း...ပညာတွေသင်ရင်းနဲ့ရွာမှာနေဖို့ ဝေးပြီထင်ပါရဲ့
စာတစ်လုံးမှမတတ်သော အမေကြီးက မောင်ငြိမ်းချမ်းရွာနှင့်ဝေးမှာ စိုးနေသည်။ ဤအသက်အရွယ်အထိ မပြီးနိုင်မစီးနိုင် ပညာသင်နေရသည်ကို နားမလည်နိုင်။
သို့သော် သူ့ဘဝတိုးတက်ဖို့ လုပ်နေတာဖြစ်မှာပေါ့ဟု နားလည်လိုက်သည်။ မောင်ငြိမ်းချမ်းလုပ်သမျှ ဟန့်တားခြင်းမရှိ။
မောင်ငြိမ်းချမ်းရွာမှာနေရင်း လူရည်ချွန်စခန်းသို့ သွားရန် ပြင်ဆင်ရသည်။ ဂီတဝါသနာပါသူမို့ လူရည်ချွန်စခန်းမှာ သီဆိုရမည့် လူရည်ချွန်သီချင်းများကိုလည်း ကြို၍ လေ့ကျင့်ထားသည်။ မယ်ဒလင်နှင့် တီးတတ်အောင် နုတ်နှင့် သီချင်းများကိုလည်း ကြို၍လေ့ကျင့်ထားသည်။ မရသောသီချင်းများကို ကျောက်ဆည်သို့သွား၍ တယောကို ဟန်ထွန်းထံမှ နုတ်ပြပြီး လေ့ကျင့်သည်။
သတ်မှတ်ရက်တွင် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ မန္တလေးဘူတာကြီးမှတစ်ဆင့် မီးရထားဖြင့် ရန်ကုန်သို့သွားရသည်။ ရန်ကုန် လူရည်ချွန်စခန်းတွင် တက္ကသိုလ်လူရည်ချွန်များနှင့် အထက်တန်း၊ အလယ်တန်းအဆင့် လူရည်ချွန်များ စုပေါင်းနေကြရ၏။ လူရည်ချွန်စခန်းမှာ ထူးခြားလှပစွာ ငုရွှေဝါပန်းများ ပွင့်လန်းနေကြရသည်။ တစ်ဝန်းလုံး ရွှေဝါရောင်တောက်နေ၏။
စခန်းဖွင့်ပွဲနေ့တွင် လူရည်ချွန်လက်ကမ်း စာစောင်ထုတ်၍ ဧည့်သည်တော်လူကြီးများနှင့် လူရည်ချွန်များ အားလုံးကိုဝေသည်။ ထိုစာစောင်၏ အဖွင့်စာမျက်နှာမှာ မောင်ငြိမ်းချမ်း၏ ကဗျာလေးပါသည်။
ငုရွှေဝါရေ ပေးတော့အရှုံး လူရည်ချွန်တို့ စခန်းမှာလ၊ ငုပန်းကအလှခြယ် ထပ်ပါပေ့သူအပြုံး
သို့ပေမင့်မြတ်အမွန်၊ လူရည်ချွန်ဆိုသည့် ပန်းရယ်က လှဆန်းရုံဂုဏ်သာမကပါဘူး ချိုမြစွာရနံ့ပါမွှေးသည်မို့ ငုရွှေဝါရေ...ပေးတော့အရှုံး
မောင်ငြိမ်းချမ်း(မန်းတက္ကသိုလ်)
ထိုဖွင့်ပွဲသို့ မန္တလေးတက္ကသိုလ်မှ မြန်မာစာပါမောက္ခဦးချမ်းမြ(မြကေတု) တက်ရောက်သည်။ လက်ကမ်းစာစောင်ရ၍ ကဗျာလေးဖတ်ရသောအခါ သဘောကျစွာ ဂုဏ်ယူ၍ ရေးသူမှာ မန္တလေးတက္ကသိုလ်မှ မြန်မာစာကျောင်းသားဖြစ်ကြောင်း မိတ်ဆွေများကို ပြောကြားနေပါသည်။
ရန်ကုန်မြို့မှာ လူရည်ချွန်ကျောင်းသားများ လေ့လာရေးသွားသည်။ ဟောပြောပွဲများ နားထောင်ရသည်။
ညစာစားပွဲများတက်ရသည်။ မြန်မာ့အသံဖျော်ဖြေပွဲ၊ ယဉ်ကျေးမှုကဇာတ်ဖျော်ဖြေပွဲ၊ အဆိုတော်များ၏ ဖျော်ဖြေပွဲများကို တက်ရောက်ရသည်။
ရန်ကုန်လူရည်ချွန်စခန်းပြီးသောအခါ အလယ်တန်း၊ အထက်တန်းလူရည်ချွန်များက ငပလီ ရွှေဝါချိုင် လူရည်ချွန်စခန်းသို့ သွားကြသည်။ အင်းလေးရေပြင်ကျယ်ကို မျက်နှာမူလျက် နောက်ဘက်မှာ တောင်တန်းကြီးများကို နောက်ခံထားပြီး ဆောက်ထားသည့်တိုက်ကလေးများမှာ လူရည်ချွန်များနေကြရသည်။ ရေကျေးငှက်သံ၊ ရေပြင်အလှ၊ တောတောင်အလှတို့နှင့် သာယာသောစခန်းဖြစ်သည်။
ထမင်းစားသော ဟောပြောခန်းမဆောင်နှင့် ကစားကွင်းကျယ်ကြီးများလည်း ရှိသည်။ ရာသီဥတုကလည်းနွေရာသီမှာပင် အေးချမ်းစွာနေ၍ကောင်းပါ၏။
အင်းလေးခေါင်တိုင်မှတစ်ဆင့် ကယားပြည် ငွေတောင်ဆည်နှင့် လောပိတရေတံခွန်ရေအားလျှပ်စစ်၊ တောင်ကြီး၊ ဗထူးမြို့စသည့်ဒေသတို့သို့ လေ့လာရေးခရီးသွားရသည်။ အင်းလေးခေါင်တိုင် ပြန်ရောက်သော်ဟောပြောပွဲများ တက်ရသည်။ ဖောင်တော်ဦးဘုရားသို့သွား၍ ဘုရားဖူးရသည်။ အင်းထဲမှ ရွာများသို့ သွား၍ ကျွန်းမျောစိုက်ပျိုးရေးနှင့် ရက်ကန်းလုပ်ငန်းတို့ကို လေ့လာကြရသည်။
သင်တန်းဆင်းပွဲကျင်းပသောအခါ လူရည်ချွန်ဆုပေးပွဲ၊ ကခုန်သီဆိုဖျော်ဖြေပွဲ၊ နှုတ်ဆက်ပွဲများ ပြုလုပ်ကြသည်။ မနက်ဖြန်ဆို ခွဲခွာကြရတော့မည်ပျော်စရာနှင့်လွမ်းစရာ။
နောက်တစ်နေ့မှာ တောင်ကြီး၊ လွိုင်ကော်စသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်မှ လူရည်ချွန်များခွဲခွာသွားကြသည်။ ကျန်လူရည်ချွန်များ ရထားကြီးနှင့်ခရီးဆက်ကြ၏။ လမ်းဘူတာများမှာ ကျန်ခဲ့သူများကို လက်ပြနှုတ်ဆက်ရသည်။
သာစည်ရောက်သော် ရန်ကုန်ဘက်သို့ ပြန်မည့်သူများနှင့် မန္တလေးဘက်သို့ ပြန်မည့်သူများ ရထားနှစ်စင်းကွဲသွားသည်။ လွမ်းစရာနှုတ်ဆက်ခွဲခွာကြရ၏။
မောင်ငြိမ်းချမ်းတု့ိအဖွဲ့ မန္တလေးဘက်သို့ ပြန်ခဲ့ကြသည်။ လမ်းဘူတာမှာဆင်းသူတို့က မျက်ရည်ရစ်ဝဲနှင့် လက်ပြနှုတ်ဆက်ကျန်ရစ်၏။ မန္တလေးဘူတာကြီး ရောက်သောအခါ နောက်ဆုံးအဆင့်လူစုခွဲကြသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်လူနည်းစုက ရထားတစ်စင်းနှင့် ခရီးဆက်သွားသည်။
လက်ပြနှုတ်ဆက်ကျန်ရစ်သူက မောင်ငြိမ်းချမ်းတို့ ဖြစ်သွားကြ၏။ ပျော်စရာ၊ ကြည်နူးစရာ နွေရာသီမှ လူရည်ချွန်ခရီးဖြစ်ပါ၏။
ကျေးဇူးရှင်ဆရာမ
ပထမပညာသင်နှစ်၏ ဒုတိယနှစ်ဝက်ကျောင်းတက်နေစဉ် တစ်နေ့တွင် မြန်မာစာဌာန လက်ထောက်ကထိက ဒေါ်မိမိလေးက ခေါ်ယူတွေ့ဆုံသည်။
ဆရာမသည် မောင်ငြိမ်းချမ်းတို့အတန်းကို ပထမနှစ်ကတည်းက ရှေးဟောင်းကဗျာများကို သင်ကြားခဲ့သူဖြစ်သည်။ ယခု ဒုတိယနှစ်မှာလည်း မွေ့နွန်းရကန်၊ ရတနာကြေးမုံစသည်တို့ကို သင်ကြားနေသူဖြစ်သည်။
မြန်မာစာဆရာမ ပီသစွာ ဝတ်ပုံဆင်ပုံလွန်စွာ သပ်ရပ်သည်။ အတန်းဝင်လာတိုင်း ပဝါခြုံထားသည်။
အသားအရေက ဖြူစင်ဝင်းစက်နေ၏။ အပျိုတုန်းက အလွန်လှသည်ဟု နာမည်ကြီးပါသည်။ ယခုအချိန်တွင် ဝနေပြီဖြစ်သော်လည်း ကြည့်မြင်ရသည်မှာ ခံ့ညားတင့်တယ်ပါ၏။
စာသင်ပြရာမှာလည်း အလွန်ကောင်းသူဖြစ်ပါသည်။ သင်မည့်သင်ခန်းစာကို အသေအချာပြင်ဆင်ပြီးမှ သင်ကြားသည်မှာ သိသာပါသည်။ တပည့်များ အပေါ်မှာ စေတနာထား၍ လုပ်ငန်းအပေါ်မှာလည်း အလေးအနက်ထားသူဖြစ်သည်။
ဆရာမသည် နိုင်ငံကျော် တရားရုံးချုပ်ရှေ့နေအဖြစ် နာမည်ကျော်ကြားသော ရှေ့နေကြီးဦးမြစိန်၏ ဇနီးလည်းဖြစ်၍ တက္ကသိုလ်သို့ ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်နိုင်သူလည်းဖြစ်သည်။
ဆရာမစားပွဲရှေ့မှာထိုင်ပြီး ဆရာမပြောမည့်စကားကို ရိုသေစွာနားစွင့်လျက်-
မင်းကိုဆရာမ ပြောချင်တဲ့စကားမပြောခင် ကြိုပြီးတော့ မေတ္တာရပ်ခံထားရဦးမယ်။ လူငယ်ဆိုတာ မာန်ရှိတယ်ကွယ့်။ ဆရာမက ကူညီလိုတဲ့ စေတနာသန့်သန့်နဲ့ပြောတာပါကွယ်။ မင်းသဘောမကျဘူး ဆိုရင်လည်း ဆရာမစေတနာကို နားလည်ပြီးစိတ်မရှိပါနဲ့လို့ မေတ္တာရပ်ခံချင်တာပါ
ပြောပါ ဆရာမ...ရပါတယ်...
ဒီလိုကွယ် ဆရာမတို့မိသားစုအနေနဲ့ တခြားလည်း ကုသိုလ်ကောင်းမှုကြီးကြီးမားမား မလုပ်နိုင်ပါဘူး။ ဆရာမ အကျိုးရှိမယ့်ကောင်းမှုတစ်ခုပြုချင်လို့ပါ။ အဲဒါကတော့ မောင်ငြိမ်းချမ်းက ပညာတော်တယ်။
ကြိုးစားတယ်။ တက္ကသိုလ် လူရည်ချွန်ဖြစ်တယ်။
နေတာထိုင်တာကို ဆရာမတို့ အကဲခတ်ကြည့်တော့လည်း လိမ္မာတယ်။ မောင်ငြိမ်းချမ်းရဲ့ ပညာရေးအတွက် ကိုယ်တတ်နိုင်သမျှ ကူညီချင်တယ်။ အစ်ကိုကြီး (ဦးမြစိန်) ကိုပြောပြတော့ အစ်ကိုကြီးကလည်း သဘောကျတယ်။
ဒါကြောင့်မို့ လာမယ့်ဒုတိယနှစ်ကစပြီး စာအုပ်စာတမ်းဖိုး ကုန်ကျတာမှန်သမျှ ဆရာမတို့မိသားစုက ကုသိုလ်လုပ်ပါရစေလို့ ...ဗလာစာအုပ်ကစပြီး ပြဋ္ဌာန်းစာအုပ်၊ ရည်ညွှန်းစာအုပ်အပါအဝင် စာအုပ်အားလုံးပေါ့ကွယ်။
မောင်ငြိမ်းချမ်းက လက်ခံပါ။ ဆရာမတို့ ကူညီပါရစေကွယ်
ဆရာမပြောပုံက ချင့်ချင့်ချိန်ချိန် တောင်းတောင်းပန်ပန်။ အကူအညီခံရမည့်သူက အားနာယူရသည်။
ရပါတယ် ဆရာမရယ် ကျေးဇူးတင်ပါတယ်။
ကျွန်တော်လက်ခံနိုင်ပါတယ်
အေးကွယ်ကောင်းပါလေ့...ဆရာမ ဝမ်းသာပါတယ်
ထိုအချိန်မှစ၍ ကျောင်းဖွင့်ချိန်ရောက်တိုင်း ဗလာစာအုပ်မှအစ ပြဋ္ဌာန်းစာအုပ်များ အကြမ်းဖတ်စာအုပ်များ၊ ရည်ညွှန်းစာအုပ်များအားလုံး အသင့်ဝယ်ထားပေးပါသည်။ အသစ်မထွက် ရှားပါးသော စာအုပ်ဆိုလျှင် အဟောင်းရှာဝယ်ပြီး သေသပ်စွာ အဖုံးချုပ်ပေးသည်။ သူတကာ ဟိုစာအုပ်မရ၊ သည်စာအုပ်မရှိ ဖြစ်ချိန်မှာ မောင်ငြိမ်းချမ်းက ဘာမျှပူစရာမရှိ၊ နှစ်စဉ်စာအုပ်အပြည့်အစုံကို ဆရာမထံမှ အဆင်သင့်ရပါသည်။
မြန်မာစာအသင်း အတွင်းရေးမှူး
ကျောင်းပြန်ဖွင့်သောအခါ မောင်ငြိမ်းချမ်းပညာသင် ထောက်ပံံ့ကြေးငွေများထုတ်ရပြီ။ တက်ထွန်းထံမှ တစ်လ ၃၀ သာ ယူရတော့သည်။ ကျောင်းနေရသည်မှာ အစစအရာရာ အဆင်ပြေသွားပါသည်။
ဆက်လက်ဖော်ပြပါမည်။
လယ်တွင်းသားစောချစ်