ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ် (၇၀)
ရေနွေးကန်တွင် ရေချိုးပြီးနောက် ညစာကျွေးပါသည်။ ညစာကို မြက်ဖျာထူထူ ခင်းထားသော ကြမ်းပေါ်တွင် လေးထောင့် စားပွဲဖြင့် စားရပါသည်။ ထမင်းပူပူ၊ ဆန်ကောင်း၍ စားကောင်းပါသည်။ ဟင်းများလည်း စုံလင်လှပါသည်။ သို့သော် မဝပါ။ ဟင်းပန်းကန် ကကြီးပြီး ထည့်ထားသော ဟင်းမှာ လက်သန်းလောက်သာရှိသော ငါးကလေးတစ်ကောင်၊ နှစ်ကောင်သာဖြစ် သည်။ အခြားဟင်းများ လည်း အနည်းငယ် သာထည့်ထားသဖြင့် အားမရပါ။ မဝပါ။ ဂျပန်ပြည်ရောက်သည့်နေ့ ဟိုတယ်(ရီး ယော်ခန်း)တွင် ဤသို့ကောင်း ကောင်းစား ရခြင်းဖြစ်ပါသည်။ စစ်တက္ကသိုလ်တွင် သတ်မှတ်ထားသော ရိက္ခာနှုန်းထားအတိုင်းသာ စားရခြင်းဖြစ်၍ ကျောင်းဆင်း သည်အထိ ၀၀လင်လင်မစားကြရပါ။
ဗိုလ်လောင်းသုံးကျိပ်သည် အန္တရာယ်များလှသော ကြည်းကြောင်းဖြင့်လည်း ချီခဲ့ပြီ။ ရန်စွယ်အန္တရာယ် ထူပြောလှသော ရေလမ်း ခရီးကိုလည်း ကျော်လွှားခဲ့ပါပြီ။ ဂျပန်ပြည်မြေကိုနင်းမိနေပါပြီ။ နောင်တွင်ဖြစ်ပေါ်လာမည့်ကံကြမ္မာကိုမူ မခန့်မှန်းနိုင်ကြပါ။
ဂျပန်ဘုရင့်ကြည်းတပ်မတော်
စစ်တက္ကသိုလ်
ဂျပန်ပြည်တွင် ကျွန်တော်တို့ စစ်ပညာသင်ကြားခဲ့ရသောကျောင်းမှာ “ဘုရင့်ကြည်းတပ်မတော် စစ်တက္ကသိုလ်” ဖြစ်ပါသည်။ ဂျပန်ဘာသာဖြင့် “ရိကုဂွန်းရှိခန်းဂတ်ကော” ဟု ခေါ်ပါသည်။ စစ်တက္ကသိုလ်တည်နေရာမှာ တိုကျိုမြို့မြောက်ဘက် ကီလိုမီတာ တစ်ရာကျော်ဝေးသောဇာမားရွာအနီးတွင်ဖြစ်သည်။ တိုကျိုမြို့မှ မီးရထား(ဓာတ်ရထား)ဖြင့် ၄၅ မိနစ်ခန့်စီးလျှင် “ဆိုးဘူတိုက်မအေ့” ဘူတာသို့ရောက်သည်။ ဘူတာမှ နာရီဝက်ခန့်လမ်းလျှောက်လျှင် ဇာမားရွာအနီး “ဆိုးဘူတိုက်” ဟု ခေါ်သောနေရာတွင် စစ်တက္ကသိုလ်ကြီးရှိပါသည်။ “ဆိုးဘူတိုက်” ဆိုသည်မှာ ကြည်းတပ်အရာရှိများကို မွေးထုတ်ပေးရာ ဘူမိနက်သန်နေရာဖြစ်ပါသည်။
ဂျပန်ကြည်းတပ်မတော်စစ်တက္ကသိုလ်ကြီးကို မေဂျီခေတ် ၁၈၉၀ ပြည့်နှစ်တွင်စတင်ဖွင့်လှစ်ခဲ့သည်။ သင်တန်းအမှတ်စဉ်(၁) မှ အမှတ်စဉ် (၆၁) သည် ဒုတိယကမ္ဘာစစ်နှင့်အတူ ပြီးဆုံးခဲ့သည်။ ဂျပန်ကြည်းတပ်မတော် စစ်တက္ကသိုလ်ကြီးမှ ဂျပန်ဘုရင့်ကြည်း တပ်မတော်အတွက် ထူးချွန်ပြောင်မြောက်သော ဗိုလ်ချုပ်ကြီးများသာမက နိုင်ငံတော်အတွက် ထူးချွန်သော ခေါင်းဆောင်များ ကိုလည်း မွေးထုတ်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံဝန်ကြီးချုပ်ဖြစ်သူ တိုဂျိုဟိဂေးခိသည် သင်တန်းအမှတ်စဉ် (၁၇)မှ အောင်မြင်ခဲ့သူဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ဂျပန်နိုင်ငံသားများသာမက တရုတ်၊ မန်ချူးရီးယား၊ မွန်ဂိုနိုင်ငံသားများနှင့် ကိုရီးယားကျွန်းဆွယ်တွင် ပေါက်ဖွားသူများကို ဂျပန်လူမျိုးများအဖြစ် ရိုးရိုးအတန်းတွင် စစ်ပညာများ တက်ရောက်သင်ကြားခွင့်ပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ၊ တရုတ်၊ မွန်ဂို၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ မလေးရှား၊အင်ဒိုနီးရှား၊ မန်ချူးရီးယားနိုင်ငံများမှ သင်တန်းသားများကို လက်ခံသင်ကြားပေးခဲ့သည်။
ယင်းနိုင်ငံများမှ စစ်ပညာသင်များသည် စစ်တက္ကသိုလ်မှအောင်မြင်ပြီးနောက် မိမိနိုင်ငံတွင် အကြီးအကဲခေါင်းဆောင်များအဖြစ် လည်းကောင်း၊ တပ်မတော်တွင် အကြီးအကဲအရာရှိကြီးများအဖြစ်လည်းကောင်း မိမိနိုင်ငံအတွက် ထူးချွန်သော ပုဂ္ဂိုလ်များ ပေါ်ထွန်းခဲ့ပါသည်။
သာဓကအားဖြင့် ကောက်နုတ်တင်ပြရလျှင် ကိုရီးယားသမ္မတ နိုင်ငံထူထောင်ခဲ့သည့် သမ္မတပတ်ချုံဟီး(ခေါ်)ဘောခ်သည် သင်တန်း အမှတ်စဉ်(၅၇)မှ အောင်မြင်ခဲ့သလို အင်ဒိုနီးရှားသမ္မတ ဆူဟာတို သည်လည်း သင်တန်းအမှတ်စဉ်(၅၇)မှ အောင်မြင်ခဲ့သူဖြစ်ပါ သည်။ (သမ္မတကြီး ဆူဟာတိုက “ဆင်းရဲသောလယ်သမားမိသားစုမှ ဖြစ်ပွားလာခဲ့သည့်ကျွန်တော် သမ္မတတာဝန်ထမ်းဆောင် နိုင်ခြင်းသည် သင်တို့ထံမှသင်ယူခဲ့သော ပညာရေးကျေးဇူးကြောင့်ဖြစ်သည်” ဟု ဂျပန်ပြည်သို့လာရောက်စဉ်က ဝန်ခံပြောကြား ခဲ့သည်။)
ယင်းစစ်တက္ကသိုလ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း ပထမပတ် သင်တန်းဆင်းဗိုလ်လောင်း ၃၀ သည် အမှတ်စဉ်(၅၇)တွင်လည်းကောင်း၊ ဒုတိယပတ် သင်တန်းဆင်းဗိုလ်လောင်း ၃၀ သည် အမှတ်စဉ် (၅၈)တွင်လည်းကောင်း တက်ရောက်သင်ကြားခဲ့ရပါသည်။ (ဒုတိယပတ် မြန်မာဗိုလ်လောင်း ၁၀ ဦးသည် ဂျပန်ဘုရင့်လေတပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိလည်းကောင်း၊ တိုင်းမှူး၊ တပ်မမှူးတာဝန်များကိုလည်းကောင်း၊ တပ်မတော်(လေ) ဦးစီးချုပ်အဆင့်အထိလည်းကောင်း၊ အစိုးရအဖွဲ့တွင် ဝန်ကြီးအထိလည်းကောင်း တာဝန်ပေးခြင်းခံရသူများ ရှိခဲ့ကြပါသည်။)
ဂျပန်ဘုရင့်ကြည်းတပ်မတော် စစ်တက္ကသိုလ်(ရိကုဂွန်းရှိခန်းဂတ်ကော)သည် ကမ္ဘာ့အဆင့်မီ စစ်တက္ကသိုလ်ကျောင်းကြီးဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ ဆင်းဟတ်စစ်တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု ဝက်စ်ပွိုင့်စစ်တက္ကသိုလ်များနှင့် တန်းတူဖြစ်ပါသည်။ Military Academy ဖြစ်သည့်အားလျော်စွာ စစ်ပညာနှင့်သက်ဆိုင်သော အတတ်ပညာ၊ နည်းပညာများနှင့် စာပေပညာရပ်များကို ဦးစားပေး သင်ကြားပေးပါသည်။
ခြေလျင်တပ်နှင့်ပတ်သက်၍ တပ်စိတ်တစ်စိတ်ကို ခေါင်းဆောင်ကွပ်ကဲ တိုက်ခိုက်နိုင်ခြင်းသည် အခြေခံအရည်အချင်းဖြစ်သည်။ ထိုမှတစ်ဆင့် တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးအဆင့်အထိ တိုက်စစ်၊ ခံစစ်၊ခွာစစ်၊ ချီစစ်၊ ညအချိန်စစ်ဆင်ရေး၊ ညတိုက်ပွဲများ စသည်တို့ကို ဂျပန်စစ်ဗျူဟာကျမ်းများဖြစ်သော “ဟိုဟေဆောတင်း”၊ “ဆကုဆင်းယိုမုရေး” စာအုပ်များတွင်ပါရှိသော နည်းဗျူဟာ ခေါင်းဆောင်မှု၊ကွပ်ကဲမှု၊ စီမံခန့်ခွဲရေး စသည်တို့ကို လက်တွေ့လေ့ကျင့်ရသည်။ ထိုမှတစ်ဆင့်တပ်မဟာ၊ တပ်မ၊ တပ်မကြီး၊ တပ်တော်၊ တပ်မတော်အဆင့်အထိ နည်းဗျူဟာ၊မဟာဗျူဟာ၊ စစ်ပရိယာယ်နည်းလမ်းများကို စာတွေ့ပို့ချခြင်း၊ မြေပုံပေါ်တွင် တိုက်ပွဲဆင်ခြင်း၊ မြေပုံပေါ်တွင် ခံစစ်တပ်နေရာချထားခြင်း၊ မြေပြင်ပေါ်တွင် လက်တွေ့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီးမှ မြေပုံပေါ် ရေးဆွဲတင်ပြရခြင်း၊ တိုက်စစ်တွင် အဓိကထိုးစစ်ဆင်မည့်နေရာ (ဂျူးတင်းခေး)ကို တစ်ဦးချင်း မိမိသုံးသပ်ချက်နှင့်တကွ မြေပုံပေါ်ရေးဆွဲတင်ပြရခြင်း၊ ဆရာ့အဖြေ(Solution)ကို တစ်ဦးချင်း ဆွေးနွေးခြင်းများ ပြုလုပ်ရပါသည်။
ဆက်လက်ဖော်ပြပါမည်။