ဥရောပသမဂ္ဂ၏ ရုရှားအပေါ်အရေးယူပိတ်ဆို့မှုမူဝါဒ စစ်ပွဲဆီဦးတည်ခြင်းဖြစ်ဟု ဟန်ဂေရီဝန်ကြီးချုပ်ပြော

ဘူဒါပက်၊ နိုင်ငံရေး

ဥရောပသမဂ္ဂ၏ ရုရှားအပေါ်အရေးယူပိတ်ဆို့မှုမူဝါဒ စစ်ပွဲဆီဦးတည်ခြင်းဖြစ်ဟု ဟန်ဂေရီဝန်ကြီးချုပ်ပြော

ဥရောပသမဂ္ဂအနေဖြင့် ရုရှားအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုမူဝါဒသည် ဥရောပရပ်ဝန်းတစ်ခုလုံးကို စစ်ပွဲ ဆီဦးတည် စေခြင်းဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောသည်။

ယူကရိန်းနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းနိုင်ရေးအတွက်လိုအပ်သည့်အရာမှာ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်းနှင့် ကန့်သတ်တားမြစ်သည့် လုပ်ဆောင်ချက်များ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ကော့ဆုအသံလွှင့်ဌာနသို့ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

“ယူကရိန်းအရေးကိုဖြေရှင်းဖို့ဆိုရင် ပဋိပက္ခဖြစ်နေတဲ့အဖွဲ့များကြား အပစ်အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်မှုတို့လို အပ်ပါတယ်” ဟု ဗစ်တာအော်ဘန်ကဆိုသည်။

တစ်စုံတစ်ဦးသည် အရေးယူပိတ်ဆို့မှုကိုအကူအညီယူကာ စစ်ရေးပဋိပက္ခတစ်ခုအတွင်း ကြားဝင်စွက်ဖက်ပါက ထိုသူသည် ဆန့်ကျင်ဘက်တွင်ရပ်တည်နေသကဲ့သို့ဖြစ်မည်ဖြစ်ပြီး စစ်ပွဲဆီသို့ဦးတည်သွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် လက်ရှိအချိန်တွင် ဥရောပသမဂ္ဂ၏လုပ်ရပ်မှာ အလွန်အန္တရာယ်များကြောင်း၊ ၎င်းတို့အနေဖြင့် စစ်ပွဲဆီသို့ တစ်လှမ်းချင်း တိုးဝင်သွားနေကြောင်း၊ ယခုအချိန်တွင် တိုက်ရိုက်ပစ်ခတ်မှုအောက် မရောက်သေးသော်လည်း အမှန်တကယ်ရန်လိုသော အခြေ အနေ ဖြစ်ပေါ်လာစေရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က သတိပေးထားသည်။

အလားတူ ဥရောပသမဂ္ဂအနေဖြင့် စွမ်းအင်ကဏ္ဍအပေါ်အဓိကပစ်မှတ်ထားမည့် ရုရှားအပေါ်နောက် တစ်ကြိမ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် ဆွေးနွေးလာပါက ဟန်ဂေရီနိုင်ငံအနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဟန်ဂေရီနိုင်ငံ အတွက်ခက်ခဲမည်ဖြစ်သော်လည်း အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ဟန်ဂေရီနိုင်ငံက မခံစားရ စေရေးအတွက် ကာကွယ်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က  ပြောထားသည်ဟု သိရသည်။                   

Ref: Tass