မော်စကို၊ စစ်ရေး
ယူကရိန်း၏ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံတစ်ရုံကို ရုရှားစစ်ဘက်က ဖျက်ဆီးလိုက်နိုင်
ရုရှားစစ်ဘက်က ပစ်ခတ်လိုက်သော ဒုံးကျည်များသည် ယူကရိန်းနိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို ထိမှန်သွားပြီး ထိုပစ်မှတ်များအနက် ဒုံးကျည်စက်ရုံတစ်ရုံလည်းပါဝင်ကာ ဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
ရုရှားစစ်ဘက်သည် မြေပြင်၊ ရေပြင်၊ ဝေဟင်တို့မှနေ၍ တာဝေးပစ်တိကျဒုံးကျည်များကို အသုံးပြုကာ ယူကရိန်းနိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံ ရသော နေရာများသည် ယူကရိန်းစစ်ဘက်၏ ကွပ်ကဲမှုနေရာများ၊ စစ်ဘက်-စက်မှုလုပ်ငန်းနေရာများ၊ လောင်စာနှင့် စွမ်းအင်အခြေခံ အဆောက်အအုံများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
“တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်တဲ့ နေရာတွေထဲမှာ ဒုံးကျည်များ ထုတ်လုပ်တဲ့နေရာ၊ အနောက်အုပ်စုက ထောက်ပံ့ပေးထားပြီး စစ်သည်များထံ ဖြန့်ခွဲဖို့ပြင်ဆင်ထားတဲ့ဒုံးသီးများ သိုလှောင်သိမ်းဆည်းထားရာ လက်နက်တိုက်တို့ပါဝင်ပါတယ်။ ဒီလိုတိုက်ခိုက် လိုက်နိုင်တဲ့အတွက် ယူကရိန်းစစ်ဘက်ရဲ့ ထောက်ပံ့ရေးကို ဖျက်ဆီးလိုက်နိုင်ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာလအတွင်း ခရိုင်းမီးယားတံတား ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ရုရှားစစ်ဘက်က ယူကရိန်း၏ စွမ်းအင်သိုလှောင်ရေး နေရာများကို အဓိကပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
အဆိုပါခရိုင်းမီးယားတံတားကို ဗုံးခွဲတိုက်ခိုက်မှုသည် ယူကရိန်းတို့အနေဖြင့် ရုရှားနိုင်ငံအတွင်းရှိ အရပ်ဘက်အခြေခံ အဆောက်အအုံ များကို ဖျက်ဆီးရန်ကြိုးပမ်းမှု၏ ထင်ရှားသော သက်သေသာဓကဖြစ်ကြောင်း ရုရှားအစိုးရက ထောက်ပြထားသည်ဟု သိရသည်။
Ref: RT