ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၇၁)

    အဓိကထိုးစစ်ဆင်ရန် ရန်သူ့ခံစစ်၏ အပျော့ဆုံးနေရာကိုရွေးချယ်ခြင်းသည် စစ်၏ အခြေခံ သဘောတရားဖြစ်ပါသည်။    ရန်သူ၏ ရှေ့မျက်နှာစာမှ သမားရိုးကျ ထိုးစစ်ဆင်ခြင်းထက် ရန်သူ့ခံစစ်လိုင်းကို ကွေ့ပတ်၍ မမျှော်လင့်သည့်နေရာနောက်ပိုင်းကို ရွေးချယ်တိုက်ခိုက်ခြင်း စသောဂျပန်ဆရာများ သင်ပေးလိုက်သည့် နည်းပရိယာယ်ကို ပြည်တွင်းစစ်ဆင်ရေးတွင် လက်တွေ့ကျင့်သုံးခဲ့ရာ   အောင်မြင်မှု ရရှိခဲ့ပါသည်။

ခံစစ်တွင် မိမိခံစစ်လိုင်းကို ခိုင်မာအောင် တည်ဆောက်ခြင်း၊ ခံစစ်လိုင်းကို အတန်းလိုက် အသေမထားဘဲ    အသင့်အတင့် အင်အားရှိသော တပ်ဖွဲ့ငယ်ကလေးများ(တပ်ခွဲအလိုက်) ဖွဲ့စည်းထားကာ တပ်ဖွဲ့အလိုက် မိမိနေရာကို စက်ဝိုင်းပုံခံစစ်(All Round Defence)ပုံစံဖြင့်ထိန်းသိမ်းထားခြင်း၊ ဤသို့တပ်ဖွဲ့ အများအပြား ဖွဲ့စည်းထားခြင်းဖြင့် စခန်းတစ်နေရာ ကျဆုံးသော်လည်း အခြားတပ်ဖွဲ့ စခန်းများက ကာကွယ်ထားပေးခြင်းဖြင့် မိမိခံစစ်အတွင်း ဝင်လာသည့် ရန်သူကို ဝိုင်းဝန်းတိုက်ခိုက် ချေမှုန်းနိုင်သဖြင့် ခံစစ်စခန်းတစ်ခုလုံး မကျဆုံးအောင် ထိန်းသိမ်းထားနိုင်ပါသည်။ အခြေခံစစ်နည်း ပရိယာယ်ကို လက်တွေ့ကျင့်သုံးနိုင်ခဲ့သဖြင့် အင်အားကြီးမားသော ရန်သူစစ်ကြောင်းကြီးကို ပဲခူးလမ်းမှ တားဆီးချေမှုန်း နိုင်ခဲ့ပါသည်။ရန်ကုန်မြို့ကြီး   ရန်သူ့လက်တွင်းသို့ ကျရောက်မည့် အန္တရာယ်ကို ကာကွယ်နိုင်ခဲ့ပါသည်။

အမြောက်သင်တန်း၏ ကဏ္ဍလေးတစ်ခု

ပညာရေး၌ မသင်ခဲ့ရဖူးသော ရူပဗေဒ၊ ဓာတုဗေဒပညာနှင့် ဆက်နွှယ်နေသော သိပ္ပံပညာများ အမြောက်ပညာသင်များတွင် ပါရှိနေ၍ အခက်အခဲတွေ့ပါသည်။   အမြောက်ပစ်နိုင်ရန် ဂဏန်းသင်္ချာနှင့် တွက်ချက်ရသော အတွက်အချက် ပညာရပ်များမှာ အဆင့်မြင့်လှပါသည်။

အမြောက်ကျည်တစ်တောင့် ထွက်ရန် သင်ကြားရသော သင်ခန်းစာများမှာ   များပြားလှပါသည်။

အမြောက်ကိုင်တွယ်လေ့ကျင့်ခြင်း(Gun Drill)ကို ကျွမ်းကျင်အောင် အထပ်ထပ်အခါခါ လေ့ကျင့်ရသည်။ အမြောက်နှင့် အမြောက်ကျည်တင် ယာဉ်တွဲကို  မြင်းခြောက်ကောင်ဖြင့် ဆွဲရသည့်အတွက် မြင်းကို ကိုင်တွယ်ရာတွင် အထူးကျွမ်းကျင်ရသည်။ မြင်းနှင့်ရင်းနှီးအောင် အတူနေရခြင်း၊ မြင်းဇောင်းတွင် အိပ်ရခြင်း၊ မြင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ မြင်းခွာရိုက်ခြင်း၊ မြင်းခွာခြစ်ခြင်း၊ မြင်းစာကျွေးခြင်းများကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်ရပါသည်။  မြင်းစီးအထူးကျွမ်းကျင်ရန် နေ့စဉ်လိုလိုပင် မြင်းစီးလေ့ကျင့်ရသည်။   မြင်းစီးလေ့ကျင့်ရာတွင်မြေပြန့်တွင် ရိုးရိုးလမ်းလျှောက်ခြင်း၊ အနှေးအသားကျ ပြေးခြင်း(Trot)၊  အမြန်စီးကဆုန်ချပြေးခြင်း(Gallop)၊   ကွေ့ကောက်ပြေးခြင်း များတွင်  ပြဿနာမရှိသော်လည်း တောင်ဆင်းတောင်တက်များတွင် မြင်းပေါ်မှ လိမ့်မကျအောင် ထိန်းရခက်လှပါသည်။ ဆရာသည်  ကျွန်တော်တို့ကို  မြင့်မားမတ်စောက်သည့် တောင်ကုန်းပေါ်သို့ခေါ်သွားရာ အတက်တွင် အပြေးတက်ဖြင့် တက်ရသည်။   နိုင်နင်းစွာ ထိန်းသိမ်း စီးနိုင်ပါသည်။    လူဆင်းရန်ပင် မလွယ်သော   မြင့်မားမတ်စောက်သည့်   တောင်ကုန်းပေါ်မှ အောက်သို့အပြေးဆင်းရန် မောင်းချသောအခါ မြင်းများမှာ မဆင်းရဲဘဲ ပတတ်ရပ်လျက် တဟီးဟီးအော်နေသည်။ ဆရာက  မြင်းဖင်ကို ကြိမ်လုံးနှင့်ရိုက်၍ အတင်းမောင်းချသောအခါ မီတာ ၁၀၀ ခန့်ဝေးသော  အောက်ခြေသို့ ရောက်သူသည်လည်း ရောက်သည်။ မြင်းရောလူပါ တလိမ့်ခေါက်ကွေးလိမ့်ကျသူ အများအပြားပင်။ အောက်ခြေသို့မရောက်သူများကို ဆရာက ခွင့်မလွှတ်ပါ၊  အောက်ခြေသို့ ရောက်သည်အထိ အကြိမ်ကြိမ်မြင်းကိုစီး၍ ဆင်းရပါသည်။အောက်ခြေသို့ အပြေးဆင်းနိုင်မှ စာမေးပွဲအောင်ပါသည်။

အမြောက်ပစ်ခတ်ခြင်းကို  ဖူဂျီတောင်အနောက်ဘက်    တောင်ခြေ(နီရှိဖူဂျီ)တွင် လေ့ကျင့်ရသည်။ နိုဝင်ဘာလ ဆောင်းတွင်းဖြစ်၍ အလွန်အေးသည်။ ဆီးနှင်း(Snow)မြေပြင်တွင်   ထူထပ်စွာဖုံးလွှမ်းနေသည်။

ဆီးနှင်းမရှိသောနေရာများတွင်    ၄ လက်မခန့်ရှည်သော ရေခဲချောင်းများ မြေကြီးထဲမှ ထိုးထွက်နေပြီး အပေါ်ယံမြေသားက ဖုံးအုပ်လျက်ရှိနေသည်။ နင်းလိုက်လျှင် တကြွပ်ကြ္ပပ်မြည်လျက် ပြားဝင်သွားသည်။မောမောနှင့်ရေခဲချောင်းများကို ကောက်စားရ၍ အမောပြေပါသည်။

ဖူဂျီအနောက်(နီရှိဖူဂျီ) အမြောက်လေ့ကျင့်ရေး ကွင်းကြီးမှာ ကျယ်ပြန့်လှပါသည်။ ဖူဂျီတောင်နှင့် နီးသည့်အပိုင်းတွင် မြေပြင်မှာ ဆင်ခြေလျှောမြေဖြစ်သည်။ ညီညာပြန့်ပြူးခြင်းမရှိဘဲ ဖူဂျီမီးတောင်မှ စီးဆင်းလာခဲ့သော ချော်ရည်ကြောင်းများ တိုက်စားထားသဖြင့် မြောင်းကြီးမြောင်းငယ် အသွယ်သွယ်ဖြစ်ပေါ်လျက်ရှိနေပါသည်။မြေပြန့်ပိုင်းတွင် သာယာလှပသောရေကန်ကြီးရှိပါသည်။ အနီးကပ်ရှိနေသော ဖြူဖွေးလှပသည့် ဖူဂျီတောင်ကြီးနှင့်ရေကန်ကြီး၏ရှုခင်းမှာ လှပတင့်တယ် ပနံရလျက်ရှိနေပါသည်။

ကျယ်ပြန့်သော လေ့ကျင့်ရေးကွင်း အတွင်းနှင့် ရေကန်ကြီးကိုပတ်၍ အမြောက်လေ့ကျင့်ခန်းများကို နေထွက်မှနေဝင်အထိ အဆက်မပြတ် လေ့ကျင့်ရပါသည်။  ညအချိန်လေ့ကျင့်ခန်းများလည်း ရှိပါသည်။   အမြောက်ကို မြင်းဖြင့်ဆွဲ၍  နေရာယူခြင်း၊ လူဖြင့်တွန်း၍ဆွဲ၍ နေရာယူခြင်း လေ့ကျင့်ခန်းများကို အသားကျသည်အထိ နေ့စဉ်လေ့ကျင့်ကြရသည်။

အမြောက်နှင့်ကျည်တွဲပါသော ယာဉ်တွဲကို မြင်းခြောက်ကောင်ဖြင့်ချိတ်၍ လေ့ကျင့်ရေးကွင်းအတွင်းနှင့်ကန်ကြီးကို ပတ်၍ ဆွဲသည့်လေ့ကျင့်ခန်းတွင် မြင်းစီး၍ လေ့ကျင့်ရခြင်းဖြစ်သော်လည်း မသက်သာလှပါ။ ဆရာဗိုလ်မှူးဖူရုကာဝါးက မြင်းစီးပြီးရှေ့မှ ဦးဆောင်သွားသည့်နောက်မှ အမီလိုက်ရခြင်းဖြစ်ပါသည်။ မြင်းကို ဒုန်းစိုင်းစီးသွားသည့်  ဆရာ့ကို မီအောင်လိုက်ရန် မလွယ်ပါ။   အလွန်ပင်ပန်းပါသည်။ အမြောက်ယာဉ်တွဲကို ဆွဲသော မြင်းခြောက်ကောင်တွင် သုံးကောင်ကို စီးရသူသုံးဦးမှာ အလွန်ပင်ပန်းသည့်အပြင်    အမြဲဆူပူခြင်း ခံကြရသည်။   

ပို၍ပင်ပန်းသူများမှာ  အမြောက်ရှေ့ကာ(Shield)ရှေ့ထိုင်ခုံတွင် ထိုင်ရသူများနှင့် ကျည်တွဲပေါ်ထိုင်ရသူများဖြစ်သည်။ မညီညာသော လမ်းပေါ် ဒုန်းစိုင်းမောင်းနေသဖြင့် အသည်း၊ အူ၊ ကလီစာများ ပြုတ်ကျမတတ်ခံကြရပါသည်။ မြေကြီးပေါ် ပြုတ်ကျမသွားအောင် ကိုင်ထားရသည်။ လက်အန်သေလာပြီး မြေကြီးပေါ် ပြုတ်ကျသူများ ရှိကြသည်။

အမြောက်နေရာယူရန်    ရှေးဦးစွာ ကင်းထောက်လုပ်ရသည်။ နေရာရွေးချယ်ပြီးလျှင် အမြောက်များကို အမြောက်နေရာ(GP)သို့ လူနှင့်တွန်းပို့ရသည်။ မညီညာသောမြေပြင်နှင့်မြောင်းကြီးမြောင်းငယ် အသွယ်သွယ်ကို ဖြတ်ကျော်၍ တွန်းသူကတွန်း၊ ကြိုးဖြင့်ဆွဲသူကဆွဲရသည်။ အလွန်ပင်ပန်းလှပါသည်။             

ဆက်လက်ဖော်ပြပါမည်။