ရုရှားတွင် အထင်ကြီးလောက်သည့် လက်နက်များရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ရုရှားတွင် အထင်ကြီးလောက်သည့် လက်နက်များရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ရုရှားတွင်   အလွန်ကြီးမားလှသည့် တပ်မတော်နှင့် အထင်ကြီးလောက်သည့် လက်နက်များရှိကြောင်း  အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောသည်။

သို့သော် အမေရိကန်နိုင်ငံသည် ပဋိပက္ခဖြစ်ပွားနေသမျှကာလပတ်လုံး ယူကရိန်းဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်သွားမည် ဖြစ်ကြောင်း၊ ထွက်ပေါ်လာသောရလဒ်သည် ယခုရာစုနှစ်၏  တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးလမ်းကြောင်းကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ကနေဒါနိုင်ငံ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး ညီလာခံတွင်ပြောသည်။

ထို့ပြင် NATO စစ်ရေးမဟာမိတ်တပ်ဖွဲ့သည် သဘောသဘာဝအားဖြင့် ခံစစ်အသွင်ဖြစ်ကြောင်း၊ အမေရိကန် အနေဖြင့် ဥရောပတွင် ဖြန့်ကြက်ထားသည့်စစ်သည်အရေအတွက်ကို တစ်သိန်းကျော်အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် အချို့ကို ပိုလန်နိုင်ငံတွင်  ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း လွိုက်အော်စတင်က ဆက်ပြောသည်။

ရုရှားတပ်ဖွဲ့များအနေဖြင့် ယူကရိန်းတပ်ဖွဲ့များကိုသာမက NATO နှင့်အနောက်အုပ်စုတစ်ခုလုံးကိုပါ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း လက်ရှိရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်အပါအဝင် ရုရှားထိပ်တန်းတာဝန်ရှိသူများက အကြိမ်ကြိမ်ပြောထားပြီးဖြစ်သည်။

အလားတူ အနောက်အုပ်စုသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ထောက်ပံ့ခြင်းအားဖြင့် ပဋိပက္ခကို ရှည်ကြာအောင် ဖန်တီးနေကြောင်း ရုရှားအစိုးရက ပြောထားသည်။

လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခမတိုင်မီ ရုရှားအစိုးရသည် ဥရောပလုံခြုံရေးနယ်နိမိတ်ကို အသစ်ပြင်ဆင်ရေးဆွဲရေး ပါဝင်သည့်အချက်အလက်များစွာကို NATO တပ်ဖွဲ့သို့ တောင်းဆိုထားသည်။

သို့သော် NATO တပ်ဖွဲ့က ထိုတောင်းဆိုချက်များကို လျစ်လျူရှုလိုက်ခြင်းကြောင့် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း သိရသည်။                  

 Ref: RT