ယူကရိန်းနှင့် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကြား ကွဲလွဲမှုဖြစ်ပေါ်စေခဲ့သည့် ပိုလန်နိုင်ငံ အတွင်းသို့ ဒုံးကျည်ကျရောက်ပေါက်ကွဲမှု

ယူကရိန်းနှင့် အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကြား ကွဲလွဲမှုဖြစ်ပေါ်စေခဲ့သည့် ပိုလန်နိုင်ငံ အတွင်းသို့ ဒုံးကျည်ကျရောက်ပေါက်ကွဲမှု

ပြီးခဲ့သည့်ရက်သတ္တပတ်က ပိုလန်နိုင်ငံ အတွင်းသို့ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ      ယင်းပေါက်ကွဲမှုသည် အနောက်နိုင်ငံများကြား   ကွဲလွဲမှုများဖြစ်ပေါ်စေခဲ့သည့်အပြင်    လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများကိုပါ ဆွဲသွင်းမည့် ကြိုးပမ်းချက်များကို  တွေ့ရှိရမည်ဖြစ်သည်။  အဆိုပါဒုံးကျည်သည်    ပိုလန်နိုင်ငံအရှေ့ပိုင်းရှိ Przewodow ဒေသသို့ နိုဝင်ဘာ ၁၆ ရက်က ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး  ယင်းဖြစ်စဉ်တွင်     လူနှစ်ဦးသေဆုံးခဲ့သည်။   

ဒုံးကျည်မှာ   ယူကရိန်းလေတပ်တွင် အသုံးပြုနေသည့်  S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် ဖြစ်ကြောင်း   ပိုလန်၊ နေတိုးတပ်ဖွဲ့နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့မှ အတည်ပြုခဲ့သည်။

ဆိုဗီယက်ခေတ်က  ထုတ်လုပ်ခဲ့သည့် S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို  ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးက အသုံးပြုခဲ့သော်လည်း   ရုရှားနိုင်ငံသည် ယခုအခါ ပိုမိုအစွမ်းထက်သည့်  S-400 နှင့် S-500 စနစ်များကို ထုတ်လုပ်အသုံးပြုနေပြီဖြစ်သည်။

သို့သော်  ပိုလန်နိုင်ငံသို့  ကျရောက်ပေါက်ကွဲခဲ့သည့်ဒုံးကျည်မှာ    ယူကရိန်းလေတပ်က ပစ်ခတ်လိုက်ခြင်း မဟုတ်ကြောင်း    ယူကရိန်းသမ္မတ  ဇီလန်စကီက ငြင်းဆိုပြီး ရုရှားနိုင်ငံက နေတိုးတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု  ပြောကြားခဲ့ရုံသာမက   လက်တုံ့ပြန်ရန် တောင်းဆိုခဲ့သည်။ သို့ရာတွင်   ယင်းဒုံးကျည်သည်   ယူကရိန်း  လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ဖြစ်သည်ဟု   နေတိုးတပ်ဖွဲ့ အကြီးအကဲ    ဂျန်စတိုတန်ဘာ့ဂ်က ယူဆထားသည်။   ယူကရိန်းစစ်တပ်က  ပိုလန်နိုင်ငံ အတွင်းသို့  တမင်သက်သက်ပစ်ခတ်ခဲ့ခြင်း  မဟုတ်သကဲ့သို့ ရုရှားတပ်များကလည်း  နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများအား တိုက်ခိုက်ရန်စီစဉ်နေခြင်း မရှိဟု   ဂျန်စတိုတန်ဘာ့ဂ်က  ယုံကြည်လျက်ရှိသည်။

ထို့ပြင်   နိုင်ငံအတွင်းသို့   ကျရောက် ပေါက်ကွဲခဲ့သည့်ဒုံးကျည်သည် ရုရှားလုပ်ဒုံးကျည်ဖြစ်သည်ဟု ပိုလန်နိုင်ငံကဆိုသည်။သို့သော် မည်သည့်နိုင်ငံကပစ်ခတ်ခဲ့သည် ဟူသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။ အလားတူ တချို့ဥရောပနိုင်ငံများကလည်း အဆိုပါ ဒုံးကျည် ကျရောက်ပေါက်ကွဲမှုအပေါ်  အရင်းပြု၍ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအနေဖြင့်   ကျရောက်လာနိုင်သည့် အန္တရာယ်ကို ပူးပေါင်းကာကွယ်ကြရန် နှိုးဆော်ခဲ့ကြသည်။

အဆိုပါ ဖြစ်ရပ်နှင့်စပ်လျဉ်း၍ ယူကရိန်းအစိုးရ၏ပြောဆိုမှုကို  လေ့လာမည် ဆိုပါက   ယူကရိန်းနိုင်ငံသည်     လက်ရှိတွင် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍  အားမလို အားမရဖြစ်နေသည်ဟု ဆိုနိုင်သည့်အပြင်  ရုရှားအပေါ် သံတမန်ရေးအရ ဖိအားများပိုမိုပေးစေလိုသည့် သဘောထားကို တွေ့ရမည်ဖြစ်သည်။

ပိုလန်နိုင်ငံပိုင်နက်အတွင်းသို့ ဒုံးကျည်ကျရောက်ပေါက်ကွဲစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့မှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ရောက်ရှိနေသည်။   ပိုလန်နိုင်ငံပိုင်နက် အတွင်းသို့   ဒုံးကျည်ကျရောက်ပြီးနောက်  အမေရိကန်အရာရှိများသည်   ဂျိုးဘိုင်ဒင်နှင့် ဘလင်ကန်တို့အား    ညတွင်းချင်း    အကြောင်းကြားခဲ့ရသည်။

ယင်းနောက်တွင် ဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၇ ရက်  အင်ဒိုနီးရှားဒေသစံတော်ချိန်  နံနက်  ၅ နာရီ  မိနစ် ၃၀ တွင်   ယူကရိန်းသမ္မတ ဇီလန်စကီနှင့်ဖုန်းပြော၍ သတိပေးခဲ့ရသည်ဟုဆိုသည်။ အကြောင်းမှာ  ပိုလန် နိုင်ငံသို့   ကျရောက်ပေါက်ကွဲသည့် ဒုံးကျည်မှာ  ရုရှားကပစ်ခတ်လိုက်သည့်ဒုံးကျည်မဟုတ်ဘဲ    ယူကရိန်းက ပစ်လိုက်သည့်   ဒုံးကျည်ဖြစ်ကြောင်းကို မြေပြင်ရှိ ကျွမ်းကျင်သူများ၏ ပြောဆိုချက်များသာမက ဂြိုဟ်တုမှရရှိသော ထောက်လှမ်းရေး အချက်အလက်များ၏  အတည်ပြုချက်ကြောင့်ဖြစ်သည်။   

အဆိုပါ ဒုံးကျည်ကျရောက်ပေါက်ကွဲမှုသည် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့များကြား ကွဲလွဲမှုများ ဖြစ်ပေါ် စေခဲ့သည့်အပြင် ရုရှားဆန့်ကျင်ရေးသဘောထားများကိုပါ လူသိရှင်ကြားဖော်ပြခဲ့သည်ဟု  ဆိုနိုင်သည်။ ထို့ပြင်   ယင်းကိစ္စရပ်သည် ယူကရိန်းနှင့် အနောက်နိုင်ငံများကြား ကွဲလွဲမှုကိုပါ  စတင်ဖြစ်ပေါ် စေခဲ့သည်ဟု သုံးသပ်သူများကဆိုသည်။  အထူးသဖြင့်  ဂြိုဟ်တုမှရရှိသည့် သက်သေ အထောက်အထားများအရ ဒုံးကျည်မှာ ယူကရိန်းက ပစ်လိုက်သောဒုံးကျည်ဟု အတည်ပြုထားပြီး ဖြစ်သော်လည်း ရုရှားအပေါ်သာ အပြစ်ပုံချနေသည့် ယူကရိန်းသမ္မတ ဇီလန်စကီ၏ အပြုအမူများသည်   ပိုလန်အစိုးရအား အံ့အားသင့်စေခဲ့သည်ဟု နီးစပ်သူများက ဆိုသည်။

ထို့ကြောင့်  ပိုလန်နိုင်ငံသို့  ဒုံးကျည်ကျရောက်ပေါက်ကွဲမှုသည်   ဆက်လက်ဖြစ်ပွားနေသည့် ယူကရိန်း လက်နက်ကိုင် ပဋိပက္ခအတွင်းသို့ နေတိုးတပ်ဖွဲ့အား ပိုမိုနက်ရှိုင်းစွာ ပါဝင်လာစေရန် လုပ်ဆောင်သည့် ကြိုးပမ်းချက်တစ်ရပ်အဖြစ်  ထွက်ပေါ်လာခဲ့သော်လည်း     အမေရိကန် ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံကြီးများ အထူးသဖြင့် အနောက်နိုင်ငံကြီးများ အနေဖြင့်   အခြေအနေကို အမှန်အတိုင်းသုံးသပ်ရန် လိုအပ်လာပြီဖြစ်သည်။ ထိုသို့မဟုတ်ပါက မီးလောင်ရာလေပင့် အခြေအနေမျိုးကို ဖြစ်ပေါ်လာစေနိုင်သည်ဟု

နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သုံးသပ်ထားကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။             

  Ref: GT,RT