တူကီယဲနိုင်ငံအား အကြမ်းဖက်တိုက်ခိုက်မှုက ပြန်လည်ခြိမ်းခြောက်လာပြီလား
တူကီယဲနိုင်ငံ၌ ပြီးခဲ့သည့်ရက်သတ္တပတ် အကုန်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည် ကမ္ဘာ့နိုင်ငံများရှိ အစိုးရအဖွဲ့များအား အံ့အားသင့်စေခဲ့သည့်အပြင် တူကီယဲပြည်သူများအတွက်လည်း တုန်လှုပ် ချောက်ချားစရာဖြစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူခြောက်ဦးသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အာဏာပိုင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့သူဟု ယူဆရသူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လူက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ပေါက်ကွဲမှုသည် ချိန်ကိုက် ဗုံးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စတန် ဘူမြို့လယ်ကောင်ရှိ လူစည်ကားရာနေရာ၌ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုသည် အကြမ်းဖက် မှုဖြစ်သည်ဟု တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်ကဆိုသည်။ အခင်းဖြစ်ပွားရာ နေရာအနီးရှိ ခုံတန်းရှည်တစ်ခု၌ အမျိုးသမီးတစ်ဦးက မိနစ် ၄၀ ကြာ ထိုင်နေခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ပွားမီ မိနစ်အနည်းငယ်အလိုတွင် ယင်းနေရာမှ ထွက်ခွာသွားခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုသည် တူကီယဲအစိုးရက အကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် PKK အဖွဲ့၏လက်ချက်ဖြစ်သည်ဟု ယူဆနေသည်။ ယင်းတိုက်ခိုက်မှုသည် ဂျာမနီ၊ ပြင်သစ် အပါအဝင် နိုင်ငံ အများအပြားအား အံ့အားသင့်စေခဲ့သည်။ အမေရိကန်အစိုးရက လည်း အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု ကို ပြစ်တင်ရှုတ်ချထားသည်။
ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက် ခိုက်မှုသည် အစ္စတန်ဘူမြို့၌ နှစ်ပေါင်း အတော်ကြာအတွင်း ပထမဆုံးအကြိမ်ပြန်လည်ဖြစ်ပွားသည့် တိုက်ခိုက်မှုဖြစ်သည်။ ယင်းမြို့၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လအတွင်းက နောက်ဆုံးအကြိမ်အဖြစ် ဘောလုံးကွင်းတစ်ခု၏ပြင်ပ၌ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၃၆ ဦးသေဆုံးပြီး ၁၅၅ ဦးဒဏ်ရာ ရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် PKK အဖွဲ့၏လက်ချက်ဖြစ်ကြောင်း ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။
PKK အဖွဲ့ကို တူကီယဲနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည်။ သို့ဖြစ်၍ ယခုဖြစ်ပွားသည့် ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာမည်နှင့် စပ်လျဉ်းပြီး တူကီယဲ ပြည်သူများကြား စိုးရိမ်မကင်းဖြစ်စေခဲ့ သည်။ သို့သော် နိုင်ငံအတွင်း လုံခြုံမှုနှင့်တည်ငြိမ်မှုရှိနေကြောင်း တူကီယဲနိုင်ငံ ဒုတိယသမ္မတ ဖူအက်အော့တေးက ပြည်သူ များအား ဖျောင်းဖျထားသည်။
အစ္စတန်ဘူမြို့၌ ယခုဖြစ်ပွားသည့် ဗုံးခွဲတိုက်ခိုက်မှုသည် ယူကရိန်းနိုင်ငံ၌ နေတိုးတပ်ဖွဲ့နှင့် ရုရှားတို့၏ အားပြိုင်မှုဖြစ်ပွားနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ဦးဆောင်သည့် နေတိုး တပ်ဖွဲ့သည် ၎င်းင်းတို့၏နယ်မြေချဲ့ထွင်ရေး ဦးတည်ချက်များအား ဖော်ဆောင်နိုင်ရန် ယူကရိန်းပဋိပက္ခတွင် ကိုယ်စားစစ်ပွဲဆင်နွှဲခြင်းကို တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
သို့သော် ရုရှား၊ ယူကရိန်းနှစ်နိုင်ငံစလုံး နှင့် နိုင်ငံရေးဆက်ဆံမှုကို ထိန်းသိမ်းထား သည့် တူကီယဲနိုင်ငံသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ကြားဝင် ဖျန်ဖြေသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့ကြောင့် ယူကရိန်းအရေးတွင် တူကီယဲနိုင်ငံ၏ ရပ်တည်ချက်သည် အဓိကမဟာ မိတ်နိုင်ငံကြီး ဖြစ်သည့် အမေရိကန်နှင့် ဆန့်ကျင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
ထို့ပြင် တူကီယဲနိုင်ငံသည် ၂၀၁၆ ခုနှစ်မှစ၍ ဆီးရီးယားပြည်တွင်းစစ်၌ ပါဝင်ခဲ့ပြီး တူကီယဲစစ်တပ်အား ယင်းနိုင်ငံအတွင်း ဖြန့်ကြက်ထားလျက်ရှိသည်။တစ်ချိန်တည်းမှာပင် တူကီယဲအစိုးရသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ သူပုန်များကို ပြန်လည်စုစည်းရန် ကြိုးပမ်းလျက်ရှိသောကြောင့် တူကီယဲနှင့် ဆီးရီးယားရှိ တခြားအဖွဲ့အစည်းများကြား ဆက်ဆံရေး တင်းမာမှုမှာ ပိုမိုမြင့်တက်လာသည်။ တူကီယဲနိုင်ငံသည် လက်ရှိတွင် စီးပွားရေး အကျပ်အတည်းများ၊ လူမှုရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်။ အစိုးရသည် လာမည့်နှစ် ဇွန်လတွင် သမ္မတရွေးကောက်ပွဲကျင်းပ ရန် စီစဉ်လျက်ရှိသည်။
အဆိုပါရွေးကောက်ပွဲ၌ လက်ရှိသမ္မတအာဒိုဂန် ရှုံးနိမ့်ဖွယ်ရှိသည်ဟု လူထုသဘောထားစစ်တမ်းများက ဖော်ပြလျက် ရှိသည်။ ထို့ကြောင့် အစ္စတန်ဘူမြို့ ဖောက်ခွဲတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ စဉ်းစား စရာ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ ယခုဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုသည် PKK အဖွဲ့၏လက်ချက် ဖြစ်သည်ဟု တူကီယဲအစိုးရက တထစ်ချပြောဆိုထားသော်လည်း မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်းကို အတိအကျမသိရသေးပေ။ အကြောင်းမှာ တူကီယဲနိုင်ငံ၌ အကြမ်းဖက် အဖွဲ့အစည်းအများစု လှုပ်ရှားနေခြင်းကြောင့်ပင်ဖြစ် သည်။
အကယ်၍ ယခုဖောက်ခွဲတိုက်ခိုက်မှုသည် PKK အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုနိုင်ပါက နိုင်ငံအတွင်းရှိ အဓိက မြို့ကြီးများ၌ အကြမ်းဖက်မှုအန္တရာယ် ပြန်လည်ထွက်ပေါ်လာမည်ကို တူကီယဲ ပြည်သူများက စိုးရိမ်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: Wsws, ST
