စက်သုံးဆီဈေးနှုန်းအပေါ် သက်ရောက်မှုရှိစေတဲ့ အဓိကအကြောင်းရင်းငါးရပ်

စက်သုံးဆီဈေးနှုန်းအပေါ် သက်ရောက်မှုရှိစေတဲ့ အဓိကအကြောင်းရင်းငါးရပ်

ယနေ့ကမ္ဘာ့စီးပွားရေးရဲ့  အသက်သွေးကြောက ဘာဖြစ်မယ်လို့ထင်ပါသလဲ။ အားလုံး တွေးထင်ထားတဲ့အတိုင်း စက်သုံးဆီပဲ ဖြစ်ပါတယ်။

စက်သုံးဆီဟာ ယနေ့ခေတ်စက်မှုလုပ်ငန်းအများအပြားမှာ မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်နေပါပြီ။ ဒီအတွက်ကြောင့်လည်း စက်သုံးဆီက ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းထားအပေါ် များစွာ သက်ရောက်မှု ရှိစေပါတယ်။ ဒါ့အပြင် စက်သုံးဆီဟာ ကမ္ဘာ့စီးပွားရေးအတွက်သာမက နိုင်ငံရေးမှာပါ အချက်အချာနေရာကနေ ရှိနေပါတယ်။ ဒီအတွက်ကြောင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေက စက်သုံးဆီဈေးနှုန်း

အပေါ်  လွန်စွာသက်ရောက်နေပြန်တာကိုလည်း တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေက အလွန်ရှုပ်ထွေးတဲ့ အနေအထားဖြစ်နေတဲ့အတွက် ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းကလည်း ရေနံစိမ်းတစ်စည်ကို ၈၀ ကျော်ကနေ ၉၀ ဝန်းကျင်ကြားမှာ ရှိနေပါတယ်။

ကမ္ဘာ့နိုင်ငံရေးက စက်သုံးဆီဈေးနှုန်းအပေါ် သက်ရောက်မှုရှိတယ်လို့ဆိုသော်ငြား တခြားသော အကြောင်းရင်းများကလည်း စက်သုံးဆီဈေးနှုန်းအပေါ် ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြန်ပါတယ်။ ဒါကြောင့် အဲဒီအကြောင်းရင်းများက ဘာတွေဖြစ်မလဲဆိုတာကို   စာဖတ်ပရိသတ်ကြီး သိရှိရအောင် တင်ပြပေးလိုက်ရပါတယ်။

ရောင်းလိုအား

 

ဘောဂဗေဒသဘောအရ ရောင်းလိုအားများလေ၊ ကုန်ပစ္စည်းဈေးနှုန်းကျဆင်းလေ ဖြစ်ပါတယ်။ ရောင်းလိုအားနည်းရင်တော့ ကုန်ပစ္စည်းဈေးနှုန်းတက်မှာပေါ့လေ။

ဒီသဘောတရားကိုရှာဖွေတွေ့ရှိခဲ့သူက ခေတ်သစ်စီးပွားရေးသီအိုရီရဲ့ ဖခင်ဖြစ်တဲ့ အာဒမ်စမစ်ဖြစ်ပြီး သူ့ရဲ့တွေ့ရှိချက်က ယနေ့ထိတိုင် မပြောင်းလဲဘဲရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရေနံဈေးကွက်မှာ ဆိုရင်တော့ အခြေအနေက အပြည့်အဝမမှန်နိုင်ပါဘူး။ ဥပမာအားဖြင့် ရောင်းလိုအားက အလျှံပယ်ရှိနေတာတောင်မှ နိုင်ငံရေး အကြောင်းပြချက်များကြောင့် ရောင်းလိုအားနည်းတဲ့

အခြေအနေကိုဖြစ်ပေါ်နေစေတာ တွေ့ရပါတယ်။

သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားတဲ့ ဘယ်လိုမတည်ငြိမ်မှုမဆို   ရေနံဈေးနှုန်းမြင့်တက်မှုကိုသာ ဖြစ်ပေါ်စေခဲ့တာပါ။

ဘာကြောင့်လဲဆိုရင် အရှေ့အလယ်ပိုင်းဒေသဆိုတာ ကမ္ဘာ့ရေနံစိမ်း လိုအပ်ချက်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးနေတဲ့ ဒေသဖြစ်လို့ပါ။

အီရန်မှာဖြစ်ပွားတဲ့   အစ္စလာမ်မစ်တော်လှန်ရေး၊  အီရန်-အီရတ်စစ်ပွဲနဲ့ ပါရှန်းပင်လယ်ကွေ့စစ်ပွဲတို့ အပါအဝင် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားတိုင်းမှာ ရေနံစိမ်းဈေးနှုန်းက အဆမတန် အောင်မြင့်တက်သွားတာကို မိမိတို့အနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုခုကြောင့်လည်း   ရောင်းလိုအား နည်းပါးစေတဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။

ဥပမာအားဖြင့်   ဆော်ဒီအာရေဗျ၊ အိုမန်၊ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု အစရှိတဲ့ အဓိကရေနံ ထုတ်လုပ်သူနိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များက ၁၉၇၃ ခုနှစ်မှာ ဖြစ်ပွားတဲ့ အာရပ်-အစ္စရေးပဋိပက္ခမှာ  အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်အပေါ် တုံ့ပြန်မှုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ကတော့ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်နိုင်ငံရဲ့စီးပွားရေး  ဆိုးဝါးစွာ ပေါက်ကွဲပြီး စီးပွားရေးတန့်ကာ ငွေကြေးဖောင်းပွမှုနှုန်းကို   မြင့်တက်လာစေတာ မျက်မြင်ပဲမဟုတ်ပါလား။

မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန် ကမ္ဘာ့ရေနံဈေးကွက်ဟာ အရင်လိုအခြေအနေတွေနဲ့  ထူးမခြားနားဖြစ်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် ရောင်းချနိုင်တဲ့ရေနံပမာဏ အမြောက်အမြားရှိပေမယ့်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်များက   ရေနံရောင်းလိုအားကို ကျဆင်းစေပြီး   ကမ္ဘာ့ရေနံဈေးနှုန်းကို မြင့်တက်စေတာ ဖြစ်တယ်လို့   ဆိုနိုင်ပါတယ်။

 

ဝယ်လိုအား

 

ဘောဂဗေဒရဲ့နောက်ထပ် အခြေခံသဘောတရားတစ်ခုကတော့ ကုန်ပစ္စည်းတစ်ခုအပေါ် ဝယ်လိုအားများ လာလေလေ အဲဒီကုန်ပစ္စည်းရဲ့ဈေးနှုန်းကလည်း မြင့်တက်လာလေလေ ဖြစ်ပါတယ်။ အပြန်အလှန် ဆိုရရင်တော့ ဝယ်လိုအားနည်းတဲ့ပစ္စည်းက ဈေးနည်းတယ်ပေါ့။

ရေနံဈေးကွက်မှာတော့ ယေဘုယျအားဖြင့် ရေနံဝယ်လိုအားက ပုံမှန်အတိုင်းအတာ တစ်ခုမှာ တည်ငြိမ်တယ်လို့ဆိုနိုင်ပါတယ်။

ဒါပေမဲ့ခြွင်းချက်တချို့လည်းရှိပါတယ်။ ဥပမာ ရေနံထုတ်လုပ်ရောင်းချသူများက ရေနံသုံးစွဲမှု များပြားတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လေ့ရှိပါတယ်။

အထင်ရှားဆုံးအနေနဲ့ တရုတ်နိုင်ငံကိုပဲကြည့်ပါ။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါလုံးဝ ကင်းစင်ရေး မူဝါဒချမှတ်ပြီး မူဝါဒအောင်မြင်အောင် တွန်းအားပေး လုပ်ဆောင်လျက်ရှိပါတယ်။

ဒီလိုတွန်းအားပေးလုပ်ဆောင်ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး  တွေ့ရှိတာနဲ့ တစ်ပြိုင်နက်  အဲဒီမြို့၊  အဲဒီဒေသကို လော့ဒေါင်းချပြီး အသွားအလာတွေတားမြစ်လိုက်ပါတယ်။ ဒီတော့ လှုပ်ရှားမှုမှန်သမျှ ရပ်ဆိုင်းသွားပါတယ်။ အဲဒီအချိန်မှာ စက်သုံးဆီအသုံးပြုမှုလည်း အလွန်နည်းပါးသွားပါတယ်။

ဒါကြောင့် တရုတ်လိုမျိုး ရေနံသုံးစွဲမှုများပြားတဲ့ နိုင်ငံတွေအနေနဲ့ စက်သုံးဆီအသုံးပြုမှုကို လျှော့ချလိုက်ပြီဆိုရင် ရေနံထုတ်လုပ်သူများကလည်း ပုံမှန်ထုတ်လုပ်နေကျပမာဏထက် ရေနံကိုလျှော့ထုတ်

လိုက်ပါတယ်။ အဲဒီအခါမှာ ရောင်းလိုအားလည်း ကျဆင်းသွားတဲ့အတွက် စက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လာပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Ref: Sputnik