ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၇၂)

အအေးဓာတ်သုညဒီဂရီ အောက်ရောက်နေချိန် ချွေးဒီးဒီးကျလောက်အောင်ပင်။

ထို့ထက်ပို၍ ပင်ပန်းသည်မှာ ရန်သူကိုအနီးကပ်တိုက်ရိုက် (Direct Fire)ပစ်ရန် အမြောက်တွန်းကြဆွဲကြ ပို့ကြရခြင်း ဖြစ်ပါသည်။ ပစ်ရမည့်ပစ်မှတ်နှင့် အမြောက်နေရာယူရမည့်နေရာကို နေ့အချိန်တွင်တိတ်တဆိတ် သွားရောက်ကြည့်ထားရသည်။ ဆရာညွှန်ကြား ပြသထားသည်ကို မှတ်သားထားရသည်။ ရန်သူနှင့် အနီးကပ်အမြောက်နေရာယူနိုင်ရန်အတွက် ရန်သူအငိုက်မိရန်နှင့် လုံခြုံမှုရှိရန် အရေးကြီးပါသည်။ သို့ဖြစ်၍ အမြောက်ကိုရွှေ့ပြောင်းရာတွင် ညအချိန်တွင် ဆောင်ရွက်ရပါသည်။ အမြောက် သယ်ယူမည့် လမ်းကြောင်းတွင်  အမှတ်အသားများ ပြုလုပ်ထားရသည်။

ဆရာသတ်မှတ်ပေးသောအချိန်တွင် အမြောက်ကို စ၍တွန်းကြဆွဲကြရသည်။ တိတ်ဆိတ်မှုကို ဦးစားပေးရသည်။ အသံလုံးဝ မထွက်ရ။ သံထည်ပစ္စည်းများတစ်ခုနှင့် တစ်ခုထိလျှင် အသံမမြည်စေရန်အဝတ်ပတ်ထားရသည်။ အမြောက်ကို ကျိတ်ဆွဲကျိတ် တွန်းရသည်။ နေ့အချိန်အမြောက်ကိုဆွဲလျှင် တွန်းလျှင် တစ်ပြိုင်တည်းအားကိုရရန် ကော်ရင်ဂျီကုလားများ “ဗေလေးဆပ်” “ဗေလေးဆပ်” ဟု အော်သည့် ပုံစံမျိုး “ရောအိဆ” “ရောအိဆ” ဟု ညာသံပေး၍ တွန်းကြ၊ အော်ကြသဖြင့် တစ်ပြိုင်တည်း အားကိုရနိုင်သည်။  ညလှုပ်ရှားမှုတွင် တစ်ပြိုင်တည်းအားကို မရနိုင်သဖြင့်အားကုန်သည်။ ပင်ပန်းသည်။ မညီညာသော မြေပြင်၊ တောင်ကုန်း၊ အတက်အဆင်း၊ မြောင်းကြီးမြောင်းငယ် အသွယ်သွယ်တို့ကို ကျော်ဖြတ်ပြီးနောက် ညသန်းခေါင်ကျော်အချိန်ခန့်တွင်   မြောင်းကြီး တစ်ခုအတွင်းသို့ ရောက်ရှိ၍ ခေတ္တအနားပေးလိုက်သောအခါ ကျွန်တော်တို့သာမက ဂျပန်ကျောင်းသားများပင် မြေပြင်ပေါ် လှဲအိပ်လိုက်သည်နှင့် တုံးခနဲအိပ်ပျော်သွားကြပါတော့သည်။ ဂျပန်ဆရာများ ကတုတ်နှင့်တို့နှိုးမှပင် ဝုန်းခနဲထကာ အိပ်ချင်မူးတူးဖြင့် အမြောက်ကိုတွန်းကြ၊ ဆွဲကြရပြန်ပါသည်။

အရုဏ်မတက်မီ အမြောက်နေရာယူပြီး ဖြစ်ရသည်။ အလင်းရောင်ရသည်နှင့် ဆရာညွှန်ပြသောပစ်မှတ်များကို တစ်ခုပြီးတစ်ခု တိုက်ရိုက်ချိန်တွယ်၍ တိုက်ရိုက်ပစ်ခတ် (Direct Fire) ကြရပါသည်။ တစ်ညလုံးမအိပ်၊ ပင်ပန်းနွမ်းနယ်နေကြသော ကျောင်းသား များသည် ပစ်မှတ်ကိုထိသူလည်း ရှိသည်။ မထိသူလည်း ရှိကြသည်။

အမြောက်သွယ်ဝိုက်ပစ်ခတ်ခြင်း (Indirect Fire) ကို ကျောင်းသားတစ်ဦးချင်း ရှေ့တန်းအကဲကြည့်အဖွဲ့မှ အမိန့်ပေး ပစ်ခတ်ကြ ရသည်။ ရှားပါးပြီးတန်ဖိုးကြီးသော အမြောက်ကျည် ဖောဖောသီသီသုံးပြီး မြန်မာကျောင်းသားများကို အမြောက်တပ် အရာရှိကောင်း တစ်ဦးဖြစ်အောင် စေတနာထားသင်ကြားပေးသော ဂျပန်ဆရာများကို ယနေ့တိုင် ကျေးဇူးတင်လျက်ရှိနေမိပါသည်။

ကြည်းတပ်မတော် စစ်တက္ကသိုလ်မှ အနာဂတ်တွင် ခေါင်းဆောင်မည့် ထိပ်တန်းအရာရှိများအဖြစ် ရည်မှန်းထားသူများကို မွေးထုတ်ပေးခဲ့ပါသည်။ အဆင့်မြင့်သော ဗဟုသုတအသိဉာဏ်များနှင့်   ဆင်ခြင်သုံးသပ်ဆုံးဖြတ်နိုင်သော စွမ်းရည်၏အခြေခံကို သင်ကြားလေ့ကျင့်ပေးခဲ့သည်။ စစ်ရေးသုံးသပ်ချက်နှင့် မှန်ကန်သောဆုံး ဖြတ်ချက်ချမှတ်နိုင်ရန် အရာရာတိုင်းတွင် သတိလစ်ဟင်းမှု မရှိစေဘဲ အမြဲတစေစဉ်းစား ဝေဖန်သုံးသပ်နေရ၌ လေ့ကျင့်ပေးခဲ့သည်။

လေ့ကျင့်ရေးအချိန်အတွင်း ပြဿနာပေါ်လာတိုင်း “ဘာလုပ်မလဲ” ဟု မေးလေ့ရှိပြီး “ဘာကြောင့်လဲ” ဟု ထပ်ဆင့်မေးလေ့ရှိသည်။ မဖြစ်နိုင်ဘူးဆိုတာ မရှိစေရ၊ ဘယ်လောက်ခက်ခက် ဖြစ်အောင်လုပ်နိုင်ရမည်ဆိုသော စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အဆင့်မြင့်သော ဗဟုသုတ၊ အသိဉာဏ် ဆင်ခြင်သုံးသပ်ဆုံးဖြတ်နိုင်သော စွမ်းရည်နှင့် ခေါင်းဆောင်မှုစသည်တို့သည် စစ်ရေးတွင်သာမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းများ ပြိုင်ဆိုင်သည့်ကာလများတွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ် အသက်ရှင်သန်စေရန် ကြည်းတပ်ပညာရေးက အကျိုးဖြစ်ထွန်းစေသော အထောက်အကူကိုရရှိစေပါသည်။ စစ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံကို တိုးတက်ထွန်းကားလာစေသော ကုမ္ပဏီလုပ်ငန်းရှင်များထဲမှ ကြည်းတပ်စစ်တက္ကသိုလ် သင်တန်းဆင်းအများအပြားရှိနေခြင်းက ထင်ရှားသော သက်သေ သာဓကပင် ဖြစ်ပါသည်။ ဂျပန်ကြည်းတပ် စစ်တက္ကသိုလ်ကျောင်းဆင်းများထဲမှ မြန်မာများလည်း တပ်မတော်တာဝန်များသာမက အုပ်ချုပ်ရေး၊ စီးပွားရေးလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။

စစ်တက္ကသိုလ်၏တစ်နေ့တာ

ကျွန်တော်သည် အသက် ၁၆ နှစ်အရွယ် တပ်မတော်သို့ ဝင်ရောက်သည့်အချိန်အထိ အချိန်၏ တန်ဖိုးကိုမသိရှိခဲ့ပါ။ တပ်မတော်သို့ ဝင်ရောက်ပြီးနောက် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း တက်ရောက်စဉ်ကစတင်၍ အချိန်၏ တန်ဖိုးကို သိရှိခဲ့ရပါသည်။ ဂျပန်ဘုရင့် ကြည်းတပ်စစ်တက္ကသိုလ်သို့ တက်ရောက်ရသောအခါ အချိန်၏ တန်ဖိုးကိုပို၍ သိလာရပါသည်။

ကြည်းတပ်စစ်တက္ကသိုလ်တွင် နံနက်အိပ်ရာထသည့်အချိန်မှ ညအိပ်ရာဝင်သည်အထိ မိမိကိုယ်ပိုင်အချိန်ဟူ၍အနည်းငယ်သာရှိပြီး အချိန်ဇယားအတိုင်း စက်ရုပ်သဖွယ် မနားမနေလှုပ်ရှားနေကြရသည်။

“ခရာသံနှင့်စပြီး ခရာသံနှင့်ဆုံးသည်” ဆိုသောစကားသည် စစ်တက္ကသိုလ်ကျောင်းသားများ၏ တစ်နေ့တာ မရပ်မနား လှုပ်ရှား နေရခြင်းကို ဖော်ညွှန်းထားခြင်းပင်ဖြစ်ပါသည်။

နံနက်ငါးနာရီခွဲ အိပ်ရာထခရာမှုတ်သည်နှင့် အိပ်ဖန်စောင့်ကျောင်းသားက “ခိရှော” ဟု အော်လိုက်သည်နှင့် ကျောင်းသားများ အိပ်ရာမှအမြန်ထ၊ ဘောင်းဘီရှည်ကိုဝတ်ပြီး တန်းစီရသည်။ ကိုယ်အပေါ်ပိုင်းဘာမှမဝတ်ရ၊ ကိုယ်လုံးတီးဖြင့်တန်းစီရခြင်းဖြစ်သည်။ လူစစ်၊ သတင်းပို့၊ သစ္စာဆိုပြီးနောက် ကျန်းမာရေးလေ့ကျင့်ခန်းများ စုပေါင်းလုပ်ရသည်။ ဦးစွာပထမ မျက်နှာသုတ်ပဝါငယ် ကလေးများ၊ သို့မဟုတ် ကြိုးနှစ်ဖက်တပ်ထားသော အုန်းဆံဖတ်ဖြင့်ကိုယ်အပေါ်ပိုင်း၊ ရင်ဘတ်၊ ဗိုက်နှင့်ကျောကိုပူလာသည်အထိ တအားပွတ်တိုက်ရသည်။ ပွတ်တိုက်စဉ်၊ “ရောအိဆ” “ရောအိဆ” ဟု အော်ရသေးသည်။

ဆက်လက်ဖော်ပြပါမည်။