ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၀ ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၀ ဦးတွေ့ရှိ

နေပြည်တော် နိုဝင်ဘာ ၂၁

ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း

ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၀-၁၁-၂၀၂၂ ရက်   ည ၈ နာရီမှ ၂၁-၁၁-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၈၂၀၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်  ၄၀ ဦးတွေ့ရှိရသဖြင့်   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၄၉ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၅၉၆၆၃၄ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၃၀၄၅ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၈ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၇၄၁၂ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၇ ဦးရှိသည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံး မှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ  နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၃၀ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်းတွေ့ရှိရသည်။ 

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမို  လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှု ပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့်-

          အသက်ငါးနှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံ ပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးများနှင့်ဆက်သွယ်၍  မပျက် မကွက်ခံယူကြရန်၊

          အလုံပိတ်အခန်းများ၊ လူထူထပ်သော နေရာများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် ရန်၊

          လက်ကို ဆပ်ပြာ၊  ရေ သို့မဟုတ် အယ်လ်ကိုဟော(အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောရန်၊

          လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊

          တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊

          ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း  စသည့်တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို  ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။