ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၇၃)

တစ်နေ့တာပျက်ကွက်သည်မရှိပါ။ နံနက်တန်းစီရာ၌ နွေရာသီတွင် ပြဿနာမရှိသော်လည်း ဆောင်းရာသီ စင်တီဂရိတ် သုညအောက်အထိ အပူချိန်ကျပြီး အလွန်အေးနေသည့်အချိန်တွင် အင်္ကျီချွတ်၍ အပေါ်ပိုင်း ကိုယ်လုံးတီးတန်းစီရသောအခါ အအေးဒဏ်ကို အလူးအလဲခံကြရပါသည်။

မြန်မာကျောင်းသားများအနေဖြင့် အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း စိတ်ဓာတ်ရေးရာတွင်  အနိုင်ရရှိခဲ့ကြပါသည်။ ခန္ဓာကိုယ်အနေဖြင့် အအေးဒဏ်ကို မတွန်းလှန်နိုင်ဘဲ အေးလွန်းသောကြောင့် ဆီးနှင်းကိုက်အနာ(Snow Bite) ခံစားရသော   ဗိုလ်လောင်းများရှိကြသည်။  ခြေဖျား၊ လက်ဖျားများ သွေးမလျှောက်ဘဲ မည်းပုပ်လာခြင်း၊ ခြေချောင်းများ အသားမာဖြစ်ပြီး ကွဲအက်လာခြင်းကို ခံစားကြရသည်။   ထူးထူးဆန်းဆန်း ဗိုလ်လောင်းချစ်တင်ကဲ့သို့ နှာခေါင်းရှည်သူများ နှာခေါင်းဖျားတွင် မည်းပုပ်လာသည်ကို တွေ့ရပါသည်။  နားရွက်ဖျားများ မည်းပုပ်လာသူများလည်း  ရှိကြသည်။

ကွဲအက်နေသော အသားမာများကြားထဲသို့ ဂျပန်ဆရာများက ရော်ဘာချောင်းများမီးရှို့ပြီး  ထွက်လာသော အရည်ထည့်ခြင်းဖြင့် ကုသပေးကြပါသည်။

နံနက်တန်းစီချိန်တွင် မြေပြင်ပေါ်၌ ဒူးဆစ်ခန့်အထိ ဆီးနှင်း (Snow) ဖုံးလွှမ်းနေသည့်အခါလည်းရှိသည်။ ဆရာများခွင့်ပြုလျှင် ဆီးနှင်းများကိုလုံးပြီး  တစ်ယောက်နှင့်တစ်ယောက် ပစ်ပေါက်ကစားရသည်မှာ ပျော်စရာတစ်မျိုးပင်။

ရေပိုက်များ ရေခဲနေပြီး ရေပိုက်ခေါင်းများ ပိတ်ဆို့ကာ ရေခဲချောင်းများတန်းကျနေ၍ မျက်နှာမသစ်ရသည့် အခါလည်း ရှိပါသည်။

နံနက်တန်းစီပြီး   တန်းဖြုတ်လျှင် ကျောင်းဆောင်အပြင်ဘက်တွင် သန့်ရှင်းရေးတာဝန်ကျသူများက တံမြက်လှည်း၊ အမှိုက်ကောက်သန့်ရှင်းရေးလုပ်ကြရသည်။

ကျောင်းဆောင်အတွင်းနှင့် အိပ်ခန်းများအတွင်း သန့်ရှင်းရေးတာဝန်ကျသူများက ကျောင်းအတွင်း ကြမ်းပြင်များကို ရေဖတ်တိုက်၊ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ကြရသည်။

နံနက်တိုင်း မပျက်မကွက်လုပ်ရသောလုပ်ငန်းတာဝန်မှာ အိုတာကေဘီဂျင်းဂျားသို့ သွားရောက် အလေးပြုရခြင်း ဖြစ်ပါသည်။ အိုတာကေဘီဂျင်းဂျား သို့မဟုတ် အိုတာကေဘီတိုက်ဆိုသည်မှာ ဤကျောင်းမှ ဆင်းသော တိုက်ပွဲတွင် ကျဆုံးသွားကြသည့် အရာရှိများ၏ အရိုးအိုးများဌာပနာထားရှိရာ အာဇာနည်ဗိမာန်ဖြစ်ပါသည်။

အိုတာကေဘီဂျင်းဂျားသည် စစ်တက္ကသိုလ်ကျောင်း၏ တစ်နေရာ တောင်ကုန်းမြင့်ပေါ်တွင်ရှိသည်။ ကျွန်တော်တို့နေရသော ကျောင်းဆောင်နှင့်  မိုင်ဝက်ခန့်ဝေးသည်။  သွားလမ်းတစ်လျှောက်တွင် ကျောက်စရစ်ကျောက်ခဲလုံး(River Shingle)) များ ခြေမျက်စိမြုပ်လောက်အောင် ခင်းထားသည်။ အိုတာကေဘီဂျင်းဂျားသို့ အသွားအပြန် ခြေကျင်မလျှောက်ရပါ။

အပြေးတက်ဖြင့်သွားရသည်။ စစ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တစ်နေရာမှတစ်နေရာသို့ သွားရာတွင် လမ်းလျှောက်မသွားရပါ။ အပြေးတက်ဖြင့်သာ သွားရပါသည်။   အိုတာကေဘီဂျင်းဂျားတွင် အလေးပြုစဉ်     အမိမြန်မာနိုင်ငံသို့ ရည်မှန်းကာ နိုင်ငံတော်အား အလေးပြုခြင်း၊  ကျေးဇူးရှင်မိဘများအား  ရှိခိုးကန်တော့ရခြင်းမှာ နေ့စဉ်တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။

အိုတာကေဘီဂျင်းဂျားမှ ပြန်လာပြီးနောက် နံနက်စာမစားမီ မိမိအိပ်ရာကိုသတ်မှတ်ထားသောပုံစံအတိုင်း ညီညာသပ်ရပ်အောင်ပြန်ခင်းရပါသည်။ အိပ်ရာခင်းပုံမှာ    ယခုခေတ်ဟိုတယ်များတွင် အိပ်ရာခင်းပုံအတိုင်း ဖြစ်ပါသည်။ အုန်းဆံမွေ့ရာပေါ် စောင်တစ်ထပ်ခင်း၊ အိပ်ရာခင်းနှစ်ထပ်ခင်း၊ အပေါ်မှစောင်များကို ထပ်ခင်းပြီးလျှင် အပေါ်အိပ်ရာခင်းနှင့် စောင်များကို မွေ့ရာဘေးနှစ်ဖက်နှင့်ခြေရင်းပိုင်းတင်းနေအောင် မွေ့ရာအောက်သို့သွင်းထားရသည်။ ခေါင်းရင်းပိုင်းတွင် လူဝင်သာအောင်စောင်နှင့်အိပ်ရာခင်းကို ပြန်ခေါက်ထားရသည်။ ညအိပ်လျှင် အိပ်ရာအတွင်း ခေါင်းရင်းပိုင်းမှဝင်ရသည်။ ခေါင်းအုံးမှာ ခွခေါင်းအုံးပုံအလုံးအတိုဖြစ်သည်။ အိပ်သောအခါ ပက်လက်အိပ်ရသည်။ ဘယ်၊ ညာစောင်းအိပ်ခြင်း၊ ကွေးအိပ်ခြင်း မပြုလုပ်ရပါ။

အိပ်ပုံအိပ်နည်းကအစ အသားသေအောင်ပုံသွင်းထားသည်။ ကျောင်းသားတစ်ဦးလျှင်သက္ကလတ်စောင် ၁၃ ထည်စီထုတ်ပေးထားသည်။ အလွန်အေးသောရာသီတွင် စောင် ၁၃ထည်ပင် အအေးဒဏ်ကို လုံလောက်အောင်မကာကွယ်နိုင်ပါ။ အိပ်ရာဝင်ဝင်ချင်းအိပ်ရာအတွင်းတွင် အေးစက်နေပါသည်။   လူဝင်ပြီး အတန်ကြာမှကိုယ်ငွေ့ဖြင့်နွေးလာပါသည်။ အေးစက်နေသောအိပ်ရာအတွင်းဝင်ရန် ကြောက်သူများသည် အိပ်ရာအတွင်းနွေးနေစေရန် ညနေထမင်းစားချိန်တွင် စစ်ရေဘူးထဲရေနွေးထည့်ယူလာပြီး အိပ်ရာအတွင်းသို့ ထည့်ထားကြသည်။

အိပ်ရာခင်းပြီးသည်နှင့် နံနက်စာသွားစားရန် တန်းစီကြရပါသည်။ နံနက်စာစားရန်နာရီဝက်ခန့်သာ အချိန်ရသည်။ ထမင်းကိုကမန်းကတန်းစားပြီးနောက် နံနက် ၈ နာရီတန်းစီမီအောင် အပြေးအလွှား လုပ်ကိုင်ကြပါသည်။ နံနက် ၈ နာရီတန်းစီတွင် စစ်ဝတ်စုံဖြင့်ဝတ်စားဆင်ယင်မှုကို စစ်ဆေးပါသည်။ စစ်ဝတ်စုံဝတ်ဆင်ရာတွင် မိမိကိုယ်တိုင်ကို   ဆရာက  အပြစ်တင်မခံရအောင်၊ ချမှတ်ထားသော စစ်ဝတ်စုံဝတ်စားဆင်ယင်မှုစည်းကမ်း(Dress Regulation)နှင့် ကိုက်ညီအောင်  ဂရုစိုက်ဝတ်စားဆင်ယင်ရသည့်အပြင် ကျောင်းသားအချင်းချင်း  အပြန်အလှန်ကြည့်ရှုစစ်ဆေးကြရသည်။ မိမိကိုယ်တိုင်လည်း ကိုယ်လုံးပေါ်မှန်တွင် ကြည့်ကာ အထပ်ထပ်အခါခါ စစ်ဆေးကြရသည်။ ဒါတောင် အပြစ်ကမလွတ်ပါ။  လက်သည်းရှည်နေသည်။ ဆံပင်ရှည်နေသည်။ ဦးထုပ်လန်နေသည်  (ဦးထုပ်ကို   ရှေ့သို့ငိုက်အောင် ဆောင်းရသည်)။ ခါးပတ်ခေါင်းစောင်းနေသည် စသည်ဖြင့်အပြစ်တင်ခံရလေ့ ရှိပါသည်။

ဂျပန်ဆရာသည် တစ်ဦးချင်းကို စေ့စပ်သေချာစွာစစ်ဆေးပြီးနောက် သင်တန်းဇယားအတိုင်း စာသင်ဆောင် သို့မဟုတ်လေ့ကျင့်ရေးကွင်းသို့သွားရောက်ကြရပါသည်။ သင်တန်းချိန်မှာ နံနက်ပိုင်း ၈ နာရီမှ ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီဖြစ်ပါသည်။ ထမင်းစားချိန်မှာ နေ့ခင်း ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိဖြစ်ပါသည်။ ပြင်ပတွင် တစ်နေကုန်လေ့ကျင့်ရသော သင်ခန်းစာများရှိလျှင် နေ့လယ်စာထမင်းကို ထမင်းဘူးဖြင့် ယူဆောင်သွားရပါသည်။ ထမင်းဘူးကို ဗင်ဒို ဟုခေါ်သည်။   ကြိမ်၊ သို့မဟုတ် ဝါးဖြင့်ရက်လုပ်ထားသည်။

ထမင်းဘူးထဲ၌  ထမင်းနှင့် အူမေးဘိုရှိ (ခေါ်)ဆားငန်သီး   သို့မဟုတ် မုန်လာချဉ်ဖက်သာရှိပါသည်။ ဗင်ဒိုကိုပိုက်ကြိုးဖြင့် ခါးတွင်ချည်ထားရသည်။ ထမင်းစားရုံတွင် ထမင်းမစားသည့်အခါတိုင်း ဗင်ဒိုယူနိုင်သည်။ မြို့တွင်းအလည်အပတ်ထွက်လျှင်လည်း ဗင်ဒိုသည် ကျွန်တော်တို့ခါးတွင် တန်းလန်းပါလာလေ့ရှိပါသည်။

           ဆက်လက်ဖော်ပြပါမည်။