ဂျာဗားကျွန်း၌လှုပ်ခတ်သည့် ငလျင်ကြောင့် သေဆုံးသူ ၂၆  ဦးအထိမြင့်တက်

ဂျာဗားကျွန်း၌လှုပ်ခတ်သည့် ငလျင်ကြောင့် သေဆုံးသူ ၂၆  ဦးအထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ နိုဝင်ဘာ ၂၁ ရက်တွင်လှုပ်ခတ်သော အင်အားအသင့်အတင့်ရှိ ငလျင်ကြောင့် နိုဝင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲအထိ သေဆုံးသူစုစုပေါင်း ၂၆၈ ဦးအထိ မြင့်တက်လာကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါးစေရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် ပျောက်ဆုံးသူအရေအတွက်သည် ၁၅၁ ဦးရှိပြီး ဒဏ်ရာရရှိသူစုစုပေါင်း ၁၀၈၃ ဦးရှိကြောင်း အဆိုပါဌာနမှတာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

အလားတူ လူဦးရေ ၅၈၃၆၂ ဦးမှာ နေအိမ်စွန့်ခွာရွှေ့ပြောင်းရပြီး ထိုသို့နေရပ်စွန့်ခွာရသူအရေအတွက် ယခုမြင့်တက်လာနိုင်သည်ဟု တာဝန်ရှိသူကဆက်ပြောသည်။

ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည်   စီရန်ဂျန်း-ဟီလီယာ အနောက်တောင်ပိုင်း ၁၈ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။

ငလျင်လှုပ်မှုကြောင့် ပြိုကျသွားသည့် အဆောက်အအုံများတွင် စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်သောကြောင့် သေဆုံးသူ ၂၆၈ ဦးတွင် ကလေးငယ်မည်မျှပါဝင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း တာဝန်ရှိသူများကပြောသည်။

အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ဝမ်းနည်းစကား ပြောကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။  

Ref: ABC News