ကိုဗစ်-၁၉ ရောဂါအကြိမ်ကြိမ်ကူးစက်ခံရခြင်းက ကိုယ်တွင်းအင်္ဂါများကို ပိုမိုပျက်စီးစေပြီး သေဆုံးနိုင်ခြေ ပိုမိုမြင့်မား
ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားတဲ့ လွန်ခဲ့သောသုံးနှစ်ခန့်ကတည်းကစလို့ အဲဒီရောဂါ ကူးစက်ခံရပြီဆိုရင် ရေတို၊ ရေရှည်ကျန်းမာရေးအကျိုးဆက်တွေရှိမယ်၊ ကိုယ်တွင်းအင်္ဂါတွေ အားလုံးနီးပါးအပေါ် သက်ရောက်မှုရှိမယ်ဆိုတာတွေကို သုတေသီတွေက လေ့လာဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လူတွေဟာ ကနဦးရောဂါပိုးကူးစက်ခံရလို့ သဘာဝကပေးတဲ့ ပဋိပစ္စည်းဖြစ်ပေါ်နေသည်ဖြစ်စေ၊ ကာကွယ်ဆေးများ၊ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးထားသည်ဖြစ်စေ ကိုဗစ်-၁၉ ရောဂါကို နောက်ထပ်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ကူးစက်ခံရနိုင်သေးတယ်ဆိုတာကိုလည်း သူတို့က လေ့လာတွေ့ရှိထားပါတယ်။
အခုတော့ အဲဒီလို ကိုဗစ်-၁၉ ရောဂါပိုး အကြိမ်ကြိမ်ကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေးအကျိုးဆက်တွေကို သုတေသီတွေက လေ့လာဖော်ထုတ်နိုင်ခဲ့ပါပြီ။
သူတို့ရဲ့လေ့လာမှုကနေတစ်ဆင့် တွေ့ရှိလိုက်ရတာကတော့ ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်အကြိမ်ကြိမ် ကူးစက်ခံရခြင်းကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အမျိုးမျိုးရဲ့ကျန်းမာရေး အခြေအနေတွေကို ပိုမိုဆိုးဝါးသွားစေတယ် ဆိုတာပါပဲ။
အဲဒီထဲမှာ နှလုံး၊ အဆုတ်၊ ဦးနှောက်၊ သွေးလည်ပတ်မှုစနစ်၊ အစာခြေစနစ်အစရှိတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေအနေနဲ့ သူတို့ရဲ့တာဝန်ကို အပြည့်အဝမထမ်းဆောင်နိုင်တော့ခြင်း၊ ကူးစက်ခံရသူအနေနဲ့ ဆေးရုံတက်ရောက်ကုသမှု ခံယူရခြင်း၊ နောက်ဆုံးမှာ သေဆုံးခြင်းသို့တိုင် ရောက်ရှိနိုင်မှုတို့ ပါဝင်ပါတယ်။
အလားတူ ကိုဗစ်-၁၉ ရောဂါပိုး အကြိမ်ကြိမ် ကူးစက်ခံရခြင်းကြောင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ပိုမိုဆိုးဝါးလာစေဦးမှာပါ။
အရေအတွက်အားဖြင့် ပြောရမယ်ဆိုပါက ကိုဗစ်-၁၉ ရောဂါပိုးထပ်မံကူးစက်ခံရသူများက အလားတူ ကူးစက်မှုမခံရသူများနဲ့ နှိုင်းယှဉ်ရင် သေဆုံးနိုင်ခြေနှစ်ဆ ပိုများပြီး ရောဂါပြင်းထန်လို့ ဆေးရုံတက်ရောက်ကုသမှုခံယူရနိုင်ခြေ သုံးဆပိုများပါတယ်။
ဒါ့အပြင် ရောဂါပိုးထပ်မံကူးစက်ခံရသူများဟာ အဆုတ်ရောဂါဖြစ်နိုင်ခြေ သုံးဆခွဲ၊ နှလုံးကျန်းမာရေး ဆိုးဝါးနိုင်ခြေ သုံးဆနဲ့ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းနိုင်ခြေ ၁ ဆခွဲကျော် ပိုများတယ်လို့ တွေ့ရှိရပါတယ်။
ဒါကြောင့် ကိုယ်က ကိုဗစ်-၁၉ ရောဂါ နှစ်ကြိမ်ဖြစ်ထားပြီးပြီဆိုရင် သုံးကြိမ်မြောက် မဖြစ်အောင် ရှောင်ရှားပါ။ သုံးကြိမ် ဖြစ်ထားပြီး ပြီဆိုရင် လေးကြိမ်မြောက်မဖြစ်အောင် ရှောင်ရှားပါလို့ သုတေသီတွေက အကြံပြုထားပါတယ်။
အခုလိုတွေ့ရှိချက်တွေကို လေ့လာဖော်ထုတ်ခဲ့သူများကတော့ စိန့်လူးဝစ်ရှိဝါရှင်တန်ဆေးတက္ကသိုလ်နဲ့ စစ်ပြန်များ ကျန်းမာရေး စောင့်ရှောက်မှုဌာနတို့မှ သုတေသီများပဲ ဖြစ်ပါတယ်။
အခုဆိုရင် ကမ္ဘာ့မြောက်ခြမ်းဒေသက ဆောင်းရာသီကို ဝင်ရောက်လာပါပြီ။ ဆောင်းရာသီဆိုတာ ရာသီတုပ်ကွေးဖြစ် လေ့ရှိတဲ့အချိန်ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါပိုးကလည်း မျိုးရိုးဗီဇအမျိုးမျိုးပြောင်းလဲကာ ကူးစက်မှုနှုန်း အင်မတန်မြင့်တက် လာစေတဲ့အထိ ဖြစ်လာပါတယ်။
ဒီလိုအခြေအနေမှာ လူတွေအနေနဲ့ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်မှုမခံရလေအောင် အကောင်းဆုံး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
အကောင်းဆုံးကာကွယ်မှုနည်းလမ်းကတော့ နှာခေါင်းစည်းတပ်ခြင်းပါပဲ။ ဒါ့အပြင် သတ်မှတ်ချက်နဲ့ ပြည့်မီသူတိုင်း ထပ်ဆောင်းကာကွယ်ဆေးထိုးတာ၊ နေမကောင်းတဲ့အခါ ကိုယ့်အိမ်မှာပဲ ကိုယ်နေတာမျိုးကိုလည်း မဖြစ်မနေလုပ်သင့်ပါတယ်။
အလားတူ ဒီလိုရာသီမှာ ကိုဗစ်-၁၉ နဲ့ တုပ်ကွေးရောဂါတို့ နှစ်မျိုးပေါင်းဖြစ်ပွားနိုင်ခြေကိုလျှော့ချဖို့အတွက် တုပ်ကွေးရောဂါကာကွယ်ဆေးများကိုလည်း ထိုးထားသင့်ပါတယ်။
Ref: SciTech Daily