ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၇၄)

ညနေ ၄ နာရီမှ ၅ နာရီအထိ အားကစား ချိန်ဖြစ်သည်။ အားကစားဝတ်စုံ အင်္ကျီအဖြူ၊ ဘောင်းဘီအဖြူ၊ ဦးထုပ်အဖြူနှင့် အားကစားဖိနပ်အဖြူဝတ်ဆင်ပြီး ကြိုက်နှစ်သက်ရာ၊ ဝါသနာပါရာ အားကစားကို ကစားရသည်။ မကစားဘဲ အချောင်ခိုနေ၍ မရပါ။ အားကစားရုံအတွင်း ဝါးဖြင့်ပြုလုပ် ထားသောဓားဖြင့် ဓားခုတ်ခြင်း၊ သစ်သား သေနတ်ဖြင့် လှံစွပ်ထိုးခြင်း၊ နှစ်တန်းဘား၊ ကွင်းဘား၊ တန်းမြင့်ဘားနှင့် ကျွမ်းဘား ကစားသူများ၊ ကြိုးဆွဲတက်ခြင်း၊ အခက် အခဲကျော်ဖြတ်ခြင်း စသောအားကစားမျိုးစုံကိုကစားကြသည်။ နေ့စဉ်မပျက်မကွက် အလေးမလေ့ကျင့်သူမှာ ဗိုလ်လောင်း မောင်သောင်း(ပိုက်လုံး)ဖြစ်သည်။ ကိုသောင်းသည် ကျွန်တော်တို့ မြန်မာပြည် ပြန်ရောက်ခါစ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ၌ နေသူရိန် ရုံတွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပိုက်ဆံမရှိ၍ငတ်နေသော ကျွန်တော်တို့ကို မုန့်ဖိုးရှာပေးခဲ့သည်။

ကျန်းမာရေးအတွက် အားကစားကို ကစားလျှင် ကိုယ်ပိုင်အချိန်ကလေး အနည်းငယ်ရသည်။ ထိုအချိန်အတွင်း သေနတ်တိုက်သူ ကတိုက်၊ ဖိနပ်တိုက်သူက တိုက်၊ ဆံပင်ညှပ်သူညှပ်၊ အဝတ်လျှော် သူလျှော် မအားရ၊ မနားရပါ။ ထိုအချိန် အတွင်း ရေနွေးကန်သို့ သွား၍ ရေနွေးစိမ်နိုင်သည်။ ရေနွေးကန်တွင် ရေနွေးစိမ်ရသည်မှာ ကြမ်းတမ်းခက်ထန်၍ ပင်ပန်း ကြီးစွာ လေ့ကျင့်မှုပြုလုပ်ပြီးနောက် ခံစား ရသည့် ဇိမ်ခံမှုတစ်ခုပင်ဖြစ်သည်။ စစ်တက္ကသိုလ်တွင် စားရသည့်အချိန်၊ အိပ်ရသည့်အချိန်နှင့် ရေနွေးစိမ်ရသည့်အချိန် သုံးချိန်သည် ဇိမ်အရှိဆုံးအချိန်များဖြစ်သည်ဟု ဆိုရိုးစကားရှိခဲ့သည်။

ညစာထမင်းကို ညနေ ၆ နာရီတွင် စားရသည်။ ည ၇ နာရီမှ ၈ နာရီခွဲအထိ စာကြည့်ဆောင်ရှိ မိမိစားပွဲ၊ ကုလားထိုင်တွင် ငြိမ်သက်စွာထိုင်ပြီး သင်ပြီးသင်ခန်းစာများနှင့် နောက်နေ့သင်ကြားမည့် သင်ခန်းစာများကို ကျက်မှတ်ရသည်။ နားမလည်သော သင်ခန်းစာများကိုမေးမြန်းရန် ဆရာတစ်ယောက်အမြဲရှိနေသည်။ ယင်းအချိန်အတွင်း တစ်နေ့တာ လုပ်ဆောင်ချက်များနှင့် သုံးသပ်ချက်ကို နေ့စဉ်မှတ်တမ်းရေးသားပြီး ဆရာ့ထံတင်ပြကြရသည်။ ယင်းနေ့စဉ် မှတ်တမ်းကို ဆရာဖတ်ရှုပြီးနောက် မှတ်ချက် ရေးပေးသည်။

ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် တန်းစီ၊ လူစစ်၊ သစ္စာဆိုရသည်။ ဆရာက ဆုံးမ စကားပြောစရာရှိလျှင် ပြောကြားပြီး ညွှန်ကြားစရာရှိလျှင် ညွှန်ကြားသည်။ ည ၉ နာရီ မီးပိတ်ခရာမှုတ်လျှင် မီးပိတ်ကာ အိပ်ရာအတွင်းဝင်၍ ငြိမ်သက်စွာအိပ်ရသည်။ တစ်နေ့တာ ခရာသံနှင့် စပြီး ခရာသံ နှင့်ဆုံးခဲ့ပါပြီ။

အိပ်ရာထဲရောက်နေသော်လည်း စိတ်ချလက်ချတော့မအိပ်နိုင်ပါ။ နိုးနိုးကြားကြား အိပ်ရသည်။ ဆရာများသည် တပ်လှန့်ခြင်း၊ အရေးပေါ်တန်းစီခြင်းကို အချိန်မရွေး လုပ်လေ့ရှိသည်။ အရေးပေါ်တန်းစီရန် ခရာမှုတ်လျှင် အိပ်ရာမှချက်ချင်းထ၊ စစ်ဝတ်စုံအပြည့် အစုံဝတ်ဆင်ပြီး တန်းစီရသည်။ ခရာမှုတ်သည့်အချိန်မှ တန်းစီပြီးစီးသည့်အချိန်ကို ဆရာများက မှတ်သားထားပြီး သတ်မှတ်သည့် စံချိန်မမီဟု အပြစ်တင် ဆူပူကြိမ်းမောင်းခြင်း ခံကြရပါသည်။

စစ်ဝတ်စုံဝတ်ဆင်ပြီး စနစ်တကျရှိ၊ မရှိ၊ ပြည့်စုံခြင်းရှိ၊ မရှိ စစ်ဆေးအပြစ်ရှာခြင်းကို ခံကြရသည်။ အပြစ်ရှာတာတွေများလျှင် ဆရာများ ကျေနပ်ခြင်းမရှိကြောင်း သိသာပါသည်။ နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ်လောက် တပ်လှန့်တန်းစီဦးမှာ သေချာနေပါသည်။ လျင်မြန်စွာတန်းစီနိုင် ရန် ကျောင်းသားအချို့ စစ်ဝတ်စုံကိုဝတ်၍ အိပ်သည်ကို ဆရာများကစစ်ဆေးပြီး စစ်ဝတ်စုံဝတ်အိပ်ခွင့်မပြုပါ။ မျှော်မှန်းထားသည့်အတိုင်း အရေးပေါ်တပ်လှန့်တန်းစီခြင်းကို တစ်ညတည်းတွင် သုံးကြိမ်တိုင် ပြုလုပ်လာသောအခါ ကျောင်းသား တိုင်းက မိမိတို့ကို အနိုင်ကျင့်နှိပ်စက်ညှဉ်းပန်းသည် ဟု ဆရာများအပေါ် မုန်းတီးလာကြသည်။ ကျောင်းသားများ၏ ခံစားချက်ကို အရေးပေါ် တပ်လှန့်တန်းစီခြင်းပြုလုပ်သည့် ဗိုလ်ကြီး အူမေးဒမာကိုတိုက ရိပ်မိသည်။ သူက “ငါလည်းမင်းတို့နဲ့အတူ မင်းတို့ ပင်ပန်းသလို ပင်ပန်းခဲ့ပါတယ်၊ မင်းတို့က အိပ်ချိန်ရသေးတယ်၊ ငါလုံးဝမအိပ်ရဘူး၊ ချမ်းလည်းချမ်းတယ်၊ မင်းတို့ အနာဂတ် ကောင်းအောင် ငါအပင်ပန်းခံပြီးစေတနာနဲ့မင်းတို့ကို လေ့ကျင့်ပေးနေတာ၊ စစ်မြေပြင် ကျဉ်းထဲကျပ်ထဲကျမှ   မင်းတို့သဘောပေါက် နားလည်လိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ထမင်းသုံးနပ်

ဂျပန်လူမျိုးများသည် ဆန်ကိုအဓိက စားသော လူမျိုးများဖြစ်သည်။ ဂျပန်နိုင်ငံ တွင် ဆန်စပါးစိုက်ပျိုးသော်လည်း နိုင်ငံရှိ လူဦးရေကို လုံလောက်အောင် ဖြန့်ဖြူးနိုင် ခြင်းမရှိပါ။ ဆန်ကိုပြည်ပမှ ဝယ်ယူတင်သွင်းနေရသော နိုင်ငံဖြစ်သည်။ စစ်ဖြစ်နေသည့်အချိန်တွင် လိုအပ်သည့် ဆန်ကိုရရှိရန် တရုတ်ပြည်နှင့် ကိုရီးယား နိုင်ငံကိုသာ အားထားနေရပုံရသည်။ ဂျပန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ် အတွင်းက စားနပ်ရိက္ခာနှင့် ဆန်လုံလောက်မှုမရှိသော်လည်း ပြည်သူများအတွင်း ထမင်းမငတ်အောင် ဖြန့်ဖြူးပေးနိုင်သည်မှာ ချီးကျူးရမည်ဖြစ်သည်။ 

ဆက်လက်ဖော်ပြပါမည်။