ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) (XII International Fourm ATOMEXPO 2022 ) ဒုတိယနေ့သို့ တက်ရောက် လေ့လာဆွေးနွေး
နေပြည်တော်၊ နိုဝင်ဘာ ၂၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦး နှင့် တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ် သည့် (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ် (၂၀၂၂) (XII Interna tional Fourm ATOMEXPO 2022 ) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်ဖွဲ့သည် တက်ရောက်လာကြသူများနှင့် အတူ (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာ အခြေခံသည့်ဆန်းသစ် တီထွင်မှုဖိုရမ်(၂၀၂၂) (XII International Fourm ATOMEXPO 2022)တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာမှ နျူကလီးယားနှင့် ပါတ်သက် ဆက်စပ်သော ဓာတ်အားပေးစက်ရုံများ တည်ဆောက်ထားရှိမှု၊ နျူကလီးယား ဆေး ပညာဆိုင်ရာပြခန်းများ၊ Safety ဝတ်စုံများ ခင်းကျင်းပြသထားမှုများ ၊ Research Reactor များအတွက် စက်ပစ္စည်းထုတ်လုပ်မှု ပြခန်းများအား ဆက်လက်လိုက်လံ ကြည့်ရှု လေ့လာကြပြီး သိရှိလိုသည် များအား မေးမြန်း ဆွေးနွေးကြသည်။
ထို့နောက် နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စူစမ်းလေ့လာ တိုင်းတာမှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့် ပါတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာ(Memorandum of Understanding – MOU) ကို လက်မှတ်ရေးထိုးကြသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် Sirius Park of Science and Art ရှိ Atom ခန်းမတွင် ပြုလုပ်သည့် မျက်နှာစုံညီ အစည်းအဝေး( Plenary Session ) တွင် “Nuclear Spring: creating sustainable future” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအား တက်ရောက် ဆွေးနွေးသည်။ ပြည်ထောင်းစုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ATOMIC ဖိုရန်ကို တက်ရောက်ရန် ဖိတ်ကြားပေးသည့် Rosatom ၏ အကြီးအကဲ၊ ဉက္ကဌ အလက်ဆီလီကာချော့ အား ကျေးဇူးတင်ရှိပါကြောင်း၊ တည်ဆောက်ပြီး Nuclear Power Plant ၊ Small Scale Hydropower Plant ၊ Wind Power နှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ အတွက် ကျောင်း၊ တက္ကသိုလ်များကို လိုက်လံပြသသည့်အပြင် Nuclear စွမ်းအင်ဆိုင်ရာ လက်မှတ်ရေးထိုးနိုင်တဲ့အတွက်လည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ မိတ်ဖက်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း၊အဆိုပါ စိန်ရတုပြီးနောက်ပိုင်းတွင်လည်း နှစ်ပေါင်းကြာရှည်စွာ စီးပွားရေး၊ လူမှုရေး ၊ နည်းပညာစသော ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း။
၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ဗလာဒီဗောစတော့ခ်မြို့တွင် ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum – 2022) သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဝန်ကြီးချုပ် တက်ရောက်စဉ်က FEFU Campus တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် Nuclear စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်မှ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် မျက်နှာစုံညီ အစည်းအဝေး(Plenary Session) ၌လည်း ပါဝင်တက်ရောက်ပြီး စားနပ်ရိက္ခာ လုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှု အတွက် အခွင့်အလမ်းကောင်းများ ခေါင်းစဉ် ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံနိုင်ရန်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကမ်းလွန်လုပ်ကွက်များ ရှိကြောင်း၊ ထို့ပြင် ရေအား အရင်းအမြစ်များ၊ ဆိုလာနှင့် Wind Power ထုတ်လုပ်နိုင်သည့် နေရာများစွာ ရှိသည့်အတွက် စိတ်ပါဝင်စားသူများ အနေဖြင့် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြား ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်ကို ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များနှင့် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိကြောင်း ၊ မြန်မာ နိုင်ငံအတွင်း ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom နှင့် ပူးပေါင်းပြီး Small Moduler Reactor (SMR) အပြင် အသေးစား ရေအားနှင့် Wind Power များကိုလည်း ပူးပေါင်း ဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် များစွာလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားပြီး မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိဆောင်ရွက် လျက်ရှိသည့် လျှပ်စစ်ပိုင်း ဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံနိုင်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ပြောကြား သည်။
ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံများမှ နျူကလီးယားနည်း ပညာအသစ် ဖြင့် ဆောင်ရွက်ထားသော အသေးစား ဓာတ်အားပေးစက်ရုံ Small Modular Reactor – SMR မှာ နေရာအကျယ် အဝန်းမြောက်များစွာမလိုခြင်း၊ ဓာတ်အားခဈေးနှုန်း သက်သာခြင်း၊ နိုင်ငံစီးပွားအတွက် များစွာအထာက်အကူဖြစ်ခြင်း၊ အချိန်တိုကာလအတွင်း တည်ဆောက် နိုင်ခြင်း၊ အထူးသဖြင့် ဝေးလံခေါင်သီသော နေရာများ၊ စက်မှုဇုန်များအား သီးခြား ဓာတ်အားပေး ဆောင်ရွက်နိုင်ခြင်းစသည့် အားသာချက်များ ရှိသည့်အတွက် နိုင်ငံ တကာ လက်ရှိကြုံတွေ့နေရသော စွမ်းအင်အခက်အခဲအား ကျော်လွှားနိုင်မှုနှင့် ပါတ်သက်၍ တာဝန်ရှိသူများက အလှည့်ကျဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ မှ ဒုတိယညွှန်ကြားရေးမှုး ချုပ်ဖြစ်သူ Mikhail Chudakovက ပြည်ထောင်စုဝန်ကြီးများအား အလွတ် သဘော လာရောက်တွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မျက်နှာစုံညီ အစည်းအဝေး (Plenary Session: Floating Nuclear Power Plant) သို့ တက်ရောက်ပြီး လက်ရှိမျက်မှောက် ကမ္ဘာ့စွမ်းအင် လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြပြီး ဖြစ်နိုင်ခြေကို ဆန်းစစ်လေ့လာ သုံးသပ်ကြ သည်။
ထို့နောက် ရုရှားအကယ်ဒမီသိပ္ပံ( Russian academy of science)မှ ဒုတိယ ဥက္ကဋ္ဌ က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ်(၂၀၂၂)တွင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်မှုပြည့်ဝသော ပညာရှင်များ ပြုစုပျိုးထောင် နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား လျင်မြန်စွာ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။