ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၇၅)

ပြည်သူလူထုအတွင်း “ဟိုက်ကယူး” ခေါ် ရိက္ခာဖြန့်ဖြူးရေးစနစ်ဖြင့် ချွေချွေတာတာ မျှမျှတတ ဖြန့်ဖြူးလျက်ရှိပါသည်။

၀၀လင်လင်မစားရသော်လည်း လူတိုင်းထမင်းတော့မငတ်ပါ။ လူတစ်ဦးလျှင် တစ်နေ့ရရှိသည့် ဆန်ရိက္ခာနှုန်းမှာ “နီဂိုး ဆန်းဆေ့ကိ” ခေါ် နို့ဆီဘူး တစ်လုံးခန့်သာဖြစ်ပါသည်။ ယင်းနှုန်းထားမှာ အလုပ်လုပ်သူများနှင့် တပ်မတော်သားများအတွက်သာဖြစ်ပြီး သာမန်လူများအတွက်မူ ထိုနှုန်းထားထက်လျော့သည်ဟု သိရပါသည်။

ဂျပန်လူမျိုးများသည် ထမင်းကို မက်မက်မောမောစားကြသည်။ ဖြူဖွေး၍ ကောက်ညှင်းကဲ့သို့ စေးသောထမင်းကိုသာ ကြိုက်သည်။ စစ်အတွင်း ဖြူဖွေးသော ဆန်ဖြင့်ချက်သော ထမင်းမှာ ရှားပါးလှပါသည်။ ကိုရီးယားဆန် ခေါ် ဆန်လုံးညိုဖြင့် ချက်သော ပျော့ပျောင်းမှုမရှိသည့် ညိုတိုတိုဖွယ်တယ်တယ်ထမင်းကိုသာ စားကြရသည်။ တစ်ခါတစ်ရံ ဆန်ချည်းမဟုတ်ဘဲ ပဲစေ့များရောထား သေး၏။ စစ်တက္ကသိုလ်ကျောင်းသားများသည် ဒီလိုထမင်းမျိုးကိုပဲ အမြဲစားကြရသည်။ မြန်မာကျောင်းသားများအနေဖြင့် ဘယ်လို ဆန်မျိုးပဲ စားရစားရထမင်းစားရလျှင် ကျေနပ်ပါပြီ။

စစ်တက္ကသိုလ်ကျောင်းသားများ တစ်နေ့ထမင်းသုံးခါစားရပါသည်။ ရရှိသည့် ဆန်နှုန်းထားမှာ တစ်ဦးလျှင် “နီဂိုးဆန်းဆေ့ကိ” ပင်ဖြစ်ပါသည်။ သုံးနပ်စားရသော်လည်း တစ်နပ်တွင် ထမင်းမှာ မြန်မာလက်ဖက်ရည်ကြမ်း ပန်းကန်နှစ်လုံးသာသာ လောက်သာ ဖြစ်ပါသည်။ ထမင်းစားရုံစားပွဲတစ်လုံးတွင် ခြောက်ယောက်ထိုင်ရသည်။ စားပွဲပေါ်တွင် ထမင်းပုံးခြောက်ပုံးနှင့် ဟင်းချို(မီဇောရှုရု)ကို  ဒန်ချိုင့်ဖြင့် တင်ထားသည်။ အဖုံးအုပ်ထားသော ထမင်းပုံးထဲတွင် ထည့်ထားသောထမင်းမှာ မိန်းကလေးတစ်ယောက် လက်သီးဆုပ် နှစ်လုံးခန့်တော့ရှိပါလိမ့်မည်။ ထမင်းပုံးထဲရှိ ထမင်းမှာ ခြင်တွယ်ထည့်ထားခြင်းဖြစ်၍ ခြောက်ပုံးစလုံး အညီအမျှရှိပါသည်။ အပိုအလိုမရှိပါ။ စားပွဲတွင်ထိုင်သော ကျောင်းသားတစ်ယောက်ကဟင်းချိုကို ခြောက်ယောက် အညီအမျှထည့်ပေးရသည်။ မီဇောဟင်းချိုထဲတွင် ဟင်းသီးဟင်းရွက်များ ပါသည့်အခါပါသည်။ တစ်ခါတစ်ရံ ဝက်သား၊ အမဲသားဖတ်ကလေးများလည်း ပါတတ်သည်။

ပင်လယ်ငါးကိုလည်း တစ်ခါတစ်ရံစားရသည်။ ဗလာမီဇောရှုရုပေးလျှင် မုန်လာဥချဉ်ဖတ်ကို အားထားစားရသည်။ ဗိုက်ပြည့်အောင် လိုသလောက်ရနိုင်သော လက်ဖက်ရည်ကြမ်းကို အဝသောက်ရသည်။ စစ်တက္ကသိုလ်တွင် ထမင်းပုံးပို၍ရရန် မျှော်လင့်ချက် ကလေးတစ်ခုတော့ရှိပါသည်။ ကိုယ်အလေးချိန် ကီလိုဂရမ် ၆၅ကျော်လျှင် ထမင်းနှစ်ပုံးစားခွင့်ရှိပါသည်။

ပထမပတ် မြန်မာကျောင်းသားထဲမှ ကိုလှမော်နှင့် ကိုစိုးနိုင်တို့သည် နှစ်ပုံးစားများဖြစ်ကြသည်။ ကျွန်တော်တို့စားပွဲတွင် ထမင်း ခုနစ်ပုံးရသည်ဖြစ်၍ ရဲဘော်ခြောက်ယောက်ပိုသော ထမင်းတစ်ပုံးကို ဝေမျှစားနိုင်မည်။ တစ်လတစ်ကြိမ် ကျန်းမာရေး ဆေးစစ် ကိုယ်အလေးချိန်ချိန်ရာတွင် ကျွန်တော်ကီလို ၆၅ ကျော်ရေးအတွက် အကြံအဖန်များလုပ်ကြပါသည်။ ဆေးစစ်မည့်နေ့တွင်ကျွန်တော် ချေးမပါ၊ သေးမပေါက်ဘဲ ရေနွေးကြမ်းကို သောက်နိုင်သလောက် အဝသောက်ထားရပါသည်။ ကိုယ်အလေးချိန်ချိန်ရာတွင် ကျွန်တော့် ကိုယ်အလေးချိန် ၆၀ ကီလိုသာပြနေပါသည်။ သို့သော်ချက်ချင်း ကီလို ၇၀ ကျော်သို့ ခုန်တက်သွားရာ ဂျပန်ဆေး တပ်ကြပ်က မသင်္ကာဖြစ်ကာ ကျွန်တော်ပြီးလျှင် ပေါင်ချိန်ရမည့် ကျွန်တော့်နောက်တွင် ကပ်၍ ရပ်နေသော ဗိုလ်လောင်း ကျောင်းသား၏ ရင်ဘတ်ကို တွန်းပစ်လိုက်သောအခါ ကျွန်တော့်ကိုယ်အလေးချိန်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတော့သည်။  ကျွန်တော် ထမင်းနှစ်ပုံးစားရန် မရိုးမသားကြိုးစားမှု မအောင်မြင်တော့ပါ။ ကျွန်တော့်နောက်ကပ်ရပ်သော ဗိုလ်လောင်း ကျောင်းသား ကပေါင်ချိန်စက်အစွန်းကို သူ့ခြေဖျားကလေးနှင့် ဖိပေးလိုက်ရာ အရှိန်လွန်သွားပြီး ကိုယ်အလေးချိန် အဆမတန်တက်သွားခြင်း ဖြစ်ပါသည်။

HOME STAY

တင်းကျပ်သော စည်းကမ်းများအတွင်း ပင်ပင်ပန်းပန်း လေ့ကျင့်နေကြရသော နိုင်ငံခြားပညာသင်ကျောင်းသားများအတွက် အသက်ရှူပေါက်ရသော အချိန်ကလေးများတော့ ရှိပါသေးသည်။ ပညာသင်ကျောင်းသားများ ဂျပန်နိုင်ငံအတွင်း လှည့်လည် လေ့လာသော အစီအစဉ် တစ်နှစ်တွင် နှစ်ကြိမ်ရှိပါသည်။  ဂျပန်နိုင်ငံ၏ ထင်ရှားသော မြို့ကြီးများဖြစ်သည့် ယိုကိုဟားမား၊  ကျိုတို၊  အိုဆာကာ၊ ကိုဘီ၊နာဂိုရာ၊ ဖူကူရှိမား၊ ဆင်းဒိုက်၊ မိတိုးမြို့များသို့ လှည့်လည်ကြည့်ရှုလေ့လာရခြင်း၊ ကမာကုရာဆင်းတုနှင့် ထင်ရှားသော ဗုဒ္ဓဘုရားများကို ဖူးမြော်ရခြင်း၊ ကတိုရိဂျင်းကု၊ ကမာရှိမဂျင်းကု၊ စုစုနောကိမာဆာရှိကေး အစရှိသည့် များပြား လှစွာသောနတ်ကျောင်း၊ နတ်ကွန်း၊ နတ်စင်များတွင်ခါမိဆာမနတ်များကို ပူဇော်ရခြင်း၊ ကမ္မဋ္ဌာန်းကျောင်းများတွင် တရားထိုင် တရားကျင့်ရခြင်းများကို ဆရာများခိုင်းသည့်အတိုင်း လုပ်ကြရသည်။ ဂျပန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည်ဟု ဆိုသော်လည်း   ဗုဒ္ဓဘာသာနှင့်  ရှင်တိုဘာသာရောထွေးလျက်ရှိနေပါသည်။ ငယ်ရွယ်သူ ကျွန်တော်တို့ ထိုစဉ်က သဘောမပေါက် နားမလည်ကြပါ။ ကျောင်းသားပီပီ ဆရာများခိုင်းသည့်အတိုင်း လုပ်ကြရပါသည်။

ဆက်လက်ဖော်ပြပါမည်။