နောင်နှစ်ဆက်ကပ်မည့် နိုင်ငံတော်အဆင့် ကထိန်လျာသင်္ကန်း ဆက်ကပ်ပွဲ အခမ်းအနားတွင် ယခုထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ဆောင်ရွက်စေလို

နောင်နှစ်ဆက်ကပ်မည့် နိုင်ငံတော်အဆင့် ကထိန်လျာသင်္ကန်း ဆက်ကပ်ပွဲ အခမ်းအနားတွင် ယခုထက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များ ဆောင်ရွက်စေလို

နေပြည်တော်  နိုဝင်ဘာ  ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၂၀၂၂ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းဆိုင်ရာ  ပြန်လည်သုံးသပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉  စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပရာ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ၂၀၂၂ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီ အသီးသီးတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍   အစည်းအဝေးကို ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အမှာစကားပြောကြားရာတွင် ဆပ်ကော်မတီ အချင်းချင်း  အပေးအယူမျှတခြင်း၊ ဆပ် ကော်မတီများအလိုက် မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အခမ်းအနားမတိုင်မီက ကြိုတင်ပြင်ဆင်ခြင်း၊ဆပ်ကော်မတီ တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အခမ်းအနားမတိုင်မီ ဇာတ်တိုက် လေ့ကျင့်မှုများလည်း ဆောင်ရွက်နိုင်ခဲ့၍ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း။

ယခု ကျင်းပခဲ့သည့် ကထိန်လျာသင်္ကန်း ဆက်ကပ်ပွဲတွင် တွေ့ရှိခဲ့ရသော အားနည်းချက်များကို အားကောင်းလာအောင် ဆောင်ရွက်ရန်နှင့် အားသာချက်များကို ဆက်လက် ထိန်းသိမ်းထားမှသာ ယခုလို ပြန်လည်သုံးသပ်သည့် အစည်းအဝေးသည် အဓိပ္ပာယ် ရှိမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် အကောင်းဆုံး လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး ကော်မတီအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်၍ စေတနာထားပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

နောင်နှစ်ဆက်ကပ်မည့်   နိုင်ငံတော်အဆင့် ကထိန်လျာသင်္ကန်း ဆက်ကပ်ပွဲ အခမ်းအနားတွင် ယခုထက်ပိုမို ကောင်းမွန်သည့်  အစီအစဉ်များ ဆောင်ရွက်စေလိုကြောင်း၊ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆပ်ကော်မတီများ အလိုက် တွေ့ကြုံရသည့်အားနည်းချက်၊ အားသာချက်များနှင့် သုံးသပ်အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများက  အကြံပြုဆွေးနွေး ခဲ့ကြကြောင်း  သိရသည်။