ငယ်ဘဝ

ယမန်နေ့မှအဆက်

 ဒုတိယနှစ်ဝက်စာမေးပွဲများကို ဖြေဆိုရသည်။ မောင်ငြိမ်းချမ်းကောင်းစွာ ဖြေဆိုနိုင်ပါသည်။ ဒုတိယနှစ်   ကျောင်းပြန်တက်ရသောအခါ မောင်ငြိမ်းချမ်း   မြန်မာစာအသင်းအတွင်းရေးမှူး အရွေးခံရသည်။ အတန်းလိုက်မှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်များ၏ မဲဖြင့်ရွေးချယ်ရခြင်း ဖြစ်သည်။

ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပတော့မည်။ မောင်ငြိမ်းချမ်းတို့ မြန်မာစာအသင်းမှာ တက္ကသိုလ်လက်ရွေးစင် ကိုသန်းမောင်ပါသည်။ သူ့ကို နှုတ်ခမ်းမွေးသန်းမောင်ဟု ခေါ်သည်။ နှုတ်ခမ်းမွှေး အကြီးကြီးထား၍ဖြစ်သည်။ ဘီးဖြင့်ဖြီး၍ရသော နှုတ်ခမ်းမွေးအထူကြီးဖြစ်သည်။ ထိုနှုတ်ခမ်းမွေးကြီးကြောင့်ပင် သူသည် ရှိရင်းအသက်ထက် ၂၀ ခန့် ပိုကြီးသည်ထင်ရသည်။ ယောလုံချည်အနက်၊ ပင်နီအင်္ကျီလက်ရှည်၊ ကချင်လွယ်အိတ်အနက်နှင့် ဆေးပြင်းလိပ်ကြီးခဲလိုက်သောအခါ အသက် ၅၀ ခန့်ရှိသော အဘိုးကြီးဟုထင်ရသည်။ ထို့ကြောင့် သူ့ကို တက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူများက အဘ ဟု ခေါ်ကြသည်။ နောင်ကြာလာသောအခါ ဆရာ၊ ဆရာမများကပါ အဘ ဟု ခေါ်ကြသည်။ သူ၏ ဝတ်ပုံဆင်ပုံ နေပုံထိုင်ပုံဒီဇိုင်းက အဘိုးကြီးပုံပေါက်နေ၍ အဘခေါ်ကြခြင်း ဖြစ်သည်။

သို့သော် ထူးခြားသော လှည့်စားချက်လို ဖြစ်နေသည်မှာ အဘအားကစားဝတ်စုံဝတ်ပြီး ဘော်လီဘောကွင်း ဆင်းလိုက်လျှင် အသက် ၃၀ ခန့်ဟုသာ ထင်ရသည်။

အားကစားဝတ်စုံကတော့ သပ်သပ်ရပ်ရပ်မရှိ။ အောက်ပိုင်းမှာ ဘောင်းဘီတိုဝတ်လေ့မရှိ။ ထရက်ဆုဘောင်းဘီ အရှည်ကိုသာ ဝတ်ထားသည်။ အပေါ်ပိုင်းအင်္ကျီကလည်း ခါးအလျားရှည်သော သူ့အတွက် အဆင်မပြေ။

ဝမ်းဗိုက်ပေါ်နေသည်။ ဘော်လီဘောကွင်းထဲမှ အဘ၏ ဒီဇိုင်းဖြစ်သည်။

ဘော်လီဘော ပင့်ထောင်ပေးလိုက်၍ ရိုက်ချလိုက်ပြီဆိုလျှင်တော့ အံ့သြစရာ အုန်းခနဲ စိုက်ကျသွားသည်။ ဘယ်သူမျှ မဖမ်းနိုင်။ ထိုအခါကျလျှင်တော့ သူခုန်တက်သွားပုံ ရိုက်ချက်ပြင်းပုံကို ကြည့်ပြီး အသက်နှစ်ဆယ်ကျော်ဖြစ်သည်ကို အလိုလိုခန့်မှန်းမိကြသည်။

သူသည် မန္တလေးတက္ကသိုလ် လက်ရွေးစင်သာမက မန္တလေးတိုင်းလက်ရွေးစင်လည်း ဖြစ်သည်။

ကိုသန်းမောင်က မြန်မာစာတတိယနှစ်မို့ မြန်မာစာအသင်း၏ ဘော်လီဘောအသင်းခေါင်းဆောင်။ မိန်းကလေး အသင်းကိုလည်း သူကိုယ်တိုင် နှစ်စကတည်းက  သင်ကြားလေ့ကျင့်ပေးနေသည်။  ယခုနှစ်မှာ ယောကျ်ားလေးရော မိန်းကလေးပါ မြန်မာစာက ဒိုင်းဆုယူမည်ဟု အားခဲထားသည်။

မောင်ငြိမ်းချမ်းမှာ အရပ်ခြောက်ပေရှိ၍ သန်မာထွားကျိုင်းသောကြောင့်သာ တက္ကသိုလ်ဘော်လီဘောလက်ရွေးစင် အရွေးခံရခြင်းဖြစ်သည်။ လက်ရွေးစင်အရွေးခံရသည်နှင့် နေ့စဉ်ကွင်းဆင်းရသည်။ နည်းစနစ်များကို သင်ကြားပေးသည်။ စနစ်တကျ လေ့ကျင့်ရသည်။ တစ်၊ နှစ်၊ သုံးခုန်တက်ရိုက်ချ လေ့ကျင့်ခန်းကို ပိုက်ရှေ့မှာ အကြိမ်များစွာလုပ်နေရသည်။ ဘောလုံးမပါသေး။ ခြေလှမ်းမှန် ရိုက်ချက်မှန်မှ ဘောလုံးထောင်ပေးသည်။ အပြင်းဆုံး ရိုက်ချရသည်။ ပိုက်တိုးချင်တိုး ပါစေ။ အပြင်ထွက်ချင်ထွက်ပါစေ။ ဤနည်းဖြင့် လေ့ကျင့်ပေးသည်မှာ သုံးလအတွင်း ကောင်းစွာရိုက်နိုင်လာသည်။ တက္ကသိုလ်မရောက်ခင် ကိုယ့်ဘာသာလေးနှစ်ခန့် ဘော်လီဘော ရိုက်နေခဲ့သည်မှာ နည်းစနစ်မမှန်၍ တိုးတက်ခြင်းမရှိ။ နည်းစနစ်နှင့် လေ့ကျင့်သော သုံးလမှာ လျင်မြန်စွာတိုးတက်သည်။

ထို့ကြောင့် မနှစ်ကပွဲမှာ ကိုသန်းမောင်ခေါင်းဆောင်ပြီး မောင်ငြိမ်းချမ်းနှင့် နှစ်ယောက်ပေါင်း၍ အောင်ပွဲရခဲ့သည်။ ယခုနှစ်ဆိုလျှင် ပို၍သေချာအောင် လေ့ကျင့်ထားကြသည်။

ပြိုင်ပွဲ ကျင်းပသောအခါ မြန်မာစာအသင်း ယောကျ်ားလေးရော၊ မိန်းကလေးပါ ပထမဒိုင်းဆုရသည်။

မောင်ငြိမ်းချမ်း အတွင်းရေးမှူး လုပ်သည့်နှစ်တွင် အင်းဝကို ပျော်ပွဲစားနှင့်ပုဂံကို လေ့လာရေးခရီးလည်း သွားနိုင်ခဲ့သည်။ စာပေဟောပြောပွဲနှင့် ဂီတဆည်းဆာကိုလည်း နှစ်ကြိမ်လုပ်ပေးနိုင်ခဲ့သည်။ ဆရာကန်တော့ပွဲလည်း လုပ်နိုင်ခဲ့သည်။ တမာရိပ်မွန်မဂ္ဂဇင်းလည်း ထုတ်နိုင်ခဲ့ပါသည်။

တက္ကသိုလ်ကျောင်းသားဘဝမှာ ပညာကို ကောင်းစွာသင်ကြားရင်း ကောင်းကျိုးရှိအောင် ထိုက်တန်စွာလုပ် နိုင်သည်တို့လည်း အများကြီးဖြစ်ပါ၏။

ရည်မှန်းချက်နှင့်စာပေတံခါး

မောင်ငြိမ်းချမ်း၏ရည်မှန်းချက်မှာ စာရေးဆရာဖြစ်သည်။ ဤရည်မှန်းချက်ကြောင့်ပင် မြန်မာစာအဓိက ဘာသာရပ်ကို ယူခဲ့ခြင်းဖြစ်သည်။ မြန်မာစာပေနှင့် ပတ်သက်၍ နံှ့စပ်ချင်သည်။ မြန်မာစာပေ အရေးအသားကျွမ်းချင်သည်။

စနစ်သစ် မြန်မာစာသင်ကြားရေးတွင် ပထမနှစ်မှာပင် ပျို့၊ ရတု၊ ရကန်၊ အဲ၊ အန်၊ ဧချင်း၊ အိုင်ချင်း၊ တျာချင်းများကိုသင်ရသည်။ ဒုတိယနှစ်ရောက်သောအခါ ကျောက်စာ၊ မင်စာ၊ မွန်စာများကို သင်ရသည်။ရှေးကျသော ဝတ္ထုများ၊ ခေတ်ပေါ်ဝတ္ထုများ၊ ပြဇာတ်များကိုပါသင်ရသည်။ ခေတ်ပေါ်ကဗျာများကို လေ့လာဆန်းစစ်ရသည်။ ကိုယ်တိုင်လည်း ရေးရဖြေရ လေ့ကျင့်ရသည်။ အထူးသဖြင့် တစ်ပတ်တစ်ခါ နည်းပြသင်တန်းမှာ တာဝန်ပေးရေးသားရသည့် အကြောင်းများမှာစာရေးခြင်း လေ့ကျင့်ရသကဲ့သို့ဖြစ်သည်။ မောင်ငြိမ်းချမ်း ကြိုးကြိုးစားစားရေးသည်။ အမှတ်လည်း ပေးသည်။

မဂ္ဂဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးရေးသားခြင်း ဖြင့်လည်း စာပေတံခါးကိုခေါက်၏။ တစ်ပုဒ်ပါရန် ခက်ခဲလှသည်။

ငွေတာရီမဂ္ဂဇင်းတွင် တက္ကသိုလ်ကဏ္ဍဟု ဖွင့်လှစ်ထား၏။ မောင်ငြိမ်းချမ်း ရေးသားပေးပို့သည့် ညမိုက်၊ ကျောင်းတော်ကြီးက အိုအို...စသော စာပဒေသာလေးများ ပါဝင်၍ အားတက်ရ၏။ နောင်တွင်ထိုကဏ္ဍကို  စာပဒေသာကဏ္ဍဟု ပြောင်းလဲလိုက်သည်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသာမက မည်သူမဆို ဝါသနာပါသူများ ကလောင်သွေး၍ စာရေးနိုင်ရန်ဖြစ်သည်။ မောင်ငြိမ်းချမ်း ရေးသားပေးပို့သည့် လသာသောည၊ စက်ဘီးတန်းကြီး စသည့် စာပဒေသာများ အရွေးခံရ ဖော်ပြခံရသည်။

မောင်ငြိမ်းချမ်းအားတက်လာ၍ ပြိုင်ဘက်အမည်နှင့် ဝတ္ထုတိုလေးတစ်ပုဒ်ကို မြဝတီမဂ္ဂဇင်းသို့ ပို့လိုက်သည်။ ပါရန်လွယ်မည်မထင်သော်လည်း ကြိုးကြိုးစားစားရေးပြီး ပေးပို့ရခြင်းဖြစ်၏။ မြဝတီမဂ္ဂဇင်းမှာ ရောင်စုံ သရုပ်ဖော်ပုံနှင့်တကွ ပြိုင်ဘက်ဝတ္ထုတို့ကို ရွေးချယ်ဖော်ပြလိုက်သည်။ ကျောက်ဆည်မှာနေစဉ်က ဆယ်တန်းမြန်မာစာ ဆရာပြောပြသည့် သူ့သူငယ်ချင်းနှင့် သူ၏အဖြစ်ကို ကိုယ့်သူငယ်ချင်းနှင့်ကိုယ့်အဖြစ် ပေါင်းစပ်၍ ရေးသားခြင်းဖြစ်သည်။ နိုင်ချင်၍ ပြိုင်ခဲ့သော်လည်း တကယ်ကိုယ်နိုင်၍ သူရှုံးနိမ့်သည့်အခါ သူနိုင်ခဲ့သည်ကို ကြည်ဖြူစွာ ပြန်တွေးမိခြင်းဖြစ်ပါ၏။

စာအုပ်နှင့်အတူ ငွေ ၅၀ ပို့ပေးသည်။ ခေါက်ဆွဲကြော်တစ်ပွဲတစ်ကျပ်မို့ သူငယ်ချင်းငါးယောက် နှင့်အတူပါကာ  ဟိုတယ်သွားပြီး  တစ်ဆယ်ဖိုးစားနိုင်ခဲ့သည်။

သို့သော်  တစ်နှစ်တစ်ခါ  ဝတ္ထုတစ်ပုဒ်ပါနိုင်ခဲ့သည် မဟုတ်ပါ။ ပွင့်ရန်ခက်ခဲသော စာပေတံခါးကို ဆက်၍ ခေါက်နေရဦးမည် ဖြစ်ပါသည်။

အနစ်နာခံသောဦးလေး

ဒုတိယနှစ် စာမေးပွဲများ အားလုံးပြီးသောအခါ မောင်ငြိမ်းချမ်းရွာပြန်လာ၏။ တက်ထွန်းက ကျောက်ဆည်မှာသူနှင့်အတူ နေစေချင်သည်။ သူ့အိမ်မှာပြည့်စုံသည်။ကောင်းကောင်းစားရမည်။ ကောင်းကောင်းနေရမည်။

သူက သူငယ်ချင်းကို အလွန်ခင်သူဖြစ်သည်။

ခုတော့ သူလည်းအိမ်ထောင်ကျပြီ။ သူယူမည့်ဇနီးလောင်းကို လက်မထပ်မီ ကြိုတင်၍ မောင်ငြိမ်းချမ်းအတွက် ကျောင်းလခမှစ၍ လိုအပ်သော ပညာသင်စရိတ်များ ထောက်ပံ့နေရကြောင်းပြောပြီး သဘောတူညီချက်ယူသည်။ လက်ထပ်သော မိန်းကလေးကလည်း တခြားသူမဟုတ်။ မောင်ငြိမ်းချမ်း ဆယ်တန်းစာမေးပွဲ ဖြေစဉ်က အင်္ဂလိပ်စာလေ့ကျင့်ခန်းများကို စစ်ဆေးပေးသော ဆရာမ မကြည်ကြည်ဖြစ်သည်။ မကြည်ကြည်က သဘောတူသည်။ သူတို့ မင်္ဂလာဆောင်မှာ မောင်ငြိမ်းချမ်း လူပျိုရံ လုပ်ပေးရသည်။

တက်ထွန်းကတော့ပြောသည်။ မင်းက သူငယ်ချင်း ဆိုပေမယ့် သားသမီးကွ...ငါကကျောင်းထားပေးရတော့ မိဘကွ၊ မိဘဆိုတာ ကျောင်းပိတ်ရင်သားသမီးကို မျှော်တာပဲကွ။ သားသမီး အိမ်ပြန်လာစေချင်တာပေါ့... သူက သူ့အိမ်လာနေစေချင်သည့် ဆန္ဒကိုဟာသနှော၍ ပြောခြင်းဖြစ်၏။ ထိုစကားမှန်လျှင် အမေကြီးနှင့်ဦးလေးက ပိုမျှော်ရှာလိမ့်မည်။ သူတို့ခမျာ ငယ်စဉ်ကတည်းက မွေးခဲ့ရသော သားသမီး။ သူတို့မှာ ပျော်စရာလည်း များများမရှိ၊ သူငယ်ချင်းအိမ်လောက် အစားကောင်းစားရမည် မဟုတ်သော်လည်း အမေကြီးနှင့် ဦးလေးဆီကိုသာ ပြန်ခဲ့သည် ကများပါ၏။ ဦးလေးကိုကူရန် တောလိုက်လျှင် ဦးလေးက ဘယ်တော့မှလက်မခံ၊ အတင်းပြန်လွှတ်သည်။ နေပူသည် မြွေအန္တရာယ် ရှိသည်ဟုပြော၏။

သူကတော့ ထိုအပူထိုအန္တရာယ်များနှင့် အမြဲလုပ်နေ၏။

အမေကြီးက မောင်ငြိမ်းချမ်းပြန်လာတိုင်း ဝမ်းသာပျော်ရွှင်နေသည်။ မောင်ငြိမ်းချမ်းကြိုက်သည့် စားကောင်းသောက်ဖွယ် များကို ချက်ကျွေးသည်။ နွားနို့ချက်၊ ပြောင်းဖူးကြော်၊ ကောက်ရိုးမှိုချက်တို့မှာ မောင်ငြိမ်းချမ်းအကြိုက်ဖြစ်သည်။

ဟင်းကောင်းလေးများကို ဦးလေးကဘယ်တော့မှ များများမစား။ အနစ်နာခံသည်။ ဟင်းခွက်ကို မောင်ငြိမ်းချမ်းဘက် တိုးပေးသည်။

စား...စား...မင်းစား...

မဟုတ်ပါဘူး...ဦးလေးနဲ့အမေကြီးလည်း စားပါ

မောင်ငြိမ်းချမ်းပြောသော်လည်းမရ၊ လျှော့စားကြသည်။

 ဆက်လက်ဖော်ပြပါမည်။                        

လယ်တွင်းသားစောချစ်