ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၇၆)

ဗျကောတိုက်စသော ရှေးဂျပန်သူရဲကောင်း၊ ဘူရှိဒိုဆာမူရိုင်းများ၏ ထင်ရှားသောနေရာများ၊ ဂျပန်ရာဇဝင်တွင် ထင်ရှားကျော်ကြား သည့်နေရာများ၊ အပန်းဖြေစခန်းများဖြစ်ကြသည့် ပင်လယ်ကမ်းခြေများ၊ ရေပူစမ်းများတွင်လည်း အပန်းဖြေ အနားယူခဲ့ကြသည့် အခါလည်းရှိပါသည်။

ခေါဂျောဘုန်းကြီးကျောင်းတွင် တည်းခိုပြီး အေနိုရှိမပင်လယ်ကမ်းခြေတွင် လေးရက်တိုင်တိုင်ရေကူးလေ့ကျင့်ရသည့် ရက်များလည်း ရှိသည်။ ရေကူးရသည့် ကမ်းခြေသည် ပင်လယ်ကွေ့အတွင်းရှိပြီး အေနိုရှိမကျွန်းက ကာဆီးထားသဖြင့် အန္တရာယ်ကင်းသည်။ အေနိုရှိမကျွန်းသည် ကမ်းခြေနှင့်အလှမ်းကွာဝေးသော်လည်း ကမ်းခြေမှကျွန်းသို့ ရှည်လျားသော လမ်းဖောက်ပြီး တံတားဆောက် ထားသဖြင့် ကျွန်းသို့ လှေ၊သမ္ဗန်၊ မော်တော်ဖြင့် ကူးရန်မလိုတော့ဘဲ သာယာသောလမ်းတံတားမှ လမ်းလျှောက်သွားနိုင်ပါသည်။

လေ့လာရေးခရီးထွက်ရာတွင် ဟိုတယ်များ၊ ဘုန်းကြီးကျောင်းများနှင့်   ဂျပန်လူမျိုးများနေအိမ်တွင် ညအိပ်တည်းခိုရပါသည်။

ပထမဦးဆုံးအကြိမ် ၄-၈-၁၉၄၄ ရက်မိတိုးမြို့ရှိ ဂျပန်နေအိမ်များတွင် မြန်မာဗိုလ်လောင်းကျောင်းသားများ နှစ်ယောက်စီ ညအိပ် တည်းခိုရပါသည်။ မိတိုးဘူတာရောက်၍ရထားမှဆင်းသောအခါ များပြားလှသော လူအုပ်ကြီးက မြန်မာဒေါင်းအလံများ ဝှေ့ယမ်းပြီး   ကြွေးကြော်သံများ ကြွေးကြော်ကာ သောင်းသောင်းဖြဖြကြိုဆိုကြသည်။ ဘင်ခရာတီးဝိုင်းများ ခြိမ့်ခြိမ့်သဲတီးမှုတ်နှုတ်ဆက်ကြသည်။

ကျွန်တော်တို့တန်းစီပြီး ဘင်ခရာတီးဝိုင်းက တီးမှုတ်ခေါင်းဆောင်ကာ အလယ်တန်းကျောင်းတစ်ကျောင်းသို့ ချီတက်ကြရသည်။  လမ်းတစ်လျှောက် လမ်းဘေးဝဲယာတွင်  ဂျပန်လူထုက   တန်းစီကာ ကျွန်တော်တို့အား   ကောင်းချီးပေးကြသည်။ “ခုရောအိနား” ဟု ကျွန်တော်တို့ အသားမည်းသည်ကို အံ့သြပြောဆိုသံများလည်း ကြားရပါသည်။

အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြသည်။ မြို့အကြီးအကဲပုဂ္ဂိုလ်တစ်ဦးက နှုတ်ဆက်စကားပြော ကြားပြီး တန်းဖြုတ်သောအခါစောင့်နေသော လူအုပ်ကြီးအတွင်းမှ လူများထွက်လာပြီး ကျွန်တော်တို့နာမည်များကို တကြော်ကြော် ခေါ်ကာ သူတို့အိမ်တွင် တည်းခိုမည့်သူများကို ရှာဖွေကြပါတော့သည်။ နာမည်ပြားများကို ကျွန်တော်တို့ရင်ဘတ်တွင် တပ်ဆင် ထားသဖြင့် ကိုယ်ရှာဖွေသည့်သူကို အလွယ်တကူပင်တွေ့သွားကြပါသည်။

တည်းခိုရမည့် အိမ်သို့ရောက်သောအခါအိမ်အဝင်တွင် စစ်ဖိနပ်ကိုချွတ်၊ ကျောပိုးအိတ်ကိုချ၊ ခါးပတ်နှင့် စစ်လွယ်အိတ်များကိုချွတ်၍ ချထားပြီးမှ အိမ်တွင်းသို့ ဝင်ရပါသည်။ အိမ်ရှင်ဇနီးမောင်နှံက မြက်ဖျာပေါ်တွင် ဒူးတုပ်ထိုင်လျက် အသင့်စောင့်နေကြပါသည်။ ကျွန်တော်တို့နှစ်ယောက်လည်း သူတို့နှင့်မျက်နှာချင်းဆိုင် ဒူးတုပ်ထိုင်ကြပါသည်။ အိမ်ရှင်ဇနီးမောင်နှံကနဖူးနှင့် ကြမ်းပြင်ထိအောင် ရှေ့သို့ကိုင်းညွတ်ပြီး ခရီးဦးကြိုပြုပါသည်။ ကျွန်တော်တို့လည်း သူတို့ကဲ့သို့ နဖူးနှင့်ကြမ်းပြင်ထိပြီး (ဗုဒ္ဓဘာသာမြန်မာများ ကန်တော့သည့်ပုံစံမျိုး) အရိုအသေပေးနှုတ်ဆက်ပြီးနောက် ဤအိမ်တွင်တည်းခိုခွင့်ပြုရန် ရိုသေစွာပြောရသည်။ ဤသည်မှာ ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှုထုံးစံပင်ဖြစ်ပါသည်။

သူတို့အိမ်တွင် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် သမီးကလေးတစ်ယောက်ရှိပါသည်။ ဤအရွယ်သမီးကလေးမရှိလျှင် ကျွန်တော်တို့ (ဧည့်သည်)ကိုပြုစုရန် မိန်းကလေးတစ်ယောက် ရှာထားရသည်ဟု သိရပါသည်။ မိန်းကလေးက ကျွန်တော်တို့ကို အိမ်အပေါ်ထပ်သို့ ခေါ်ဆောင်သွားပါသည်။ ကျွန်တော်တို့အိပ်ရမည့်အခန်းတွင် ကျွန်တော်တို့ဝတ်ဆင်ထားသော စစ်ဝတ်စုံများကိုချွတ်ပြီး ဂျပန်ရိုးရာ ကီမိုနိုကို ကလေးမကိုယ်တိုင်ဝတ်ပေးပါသည်။

ကီမိုနိုကိုဝတ်ဆင်ပြီးနောက် ကလေးမက ကျွန်တော်တို့ကို ဧည့်ခန်းအတွင်းသို့ ခေါ်ဆောင်သွားပါသည်။ ဧည့်ခန်းအတွင်းတွင် အိမ်ရှင်ဇနီးမောင်နှံက ကျွန်တော်တို့ကို လက်ဖက်ရည်ကြမ်း၊ အချိုရည်၊ မုန့်မျိုးစုံနှင့် ဧည့်ခံကျွေးမွေးပြီး စကားစမြည်များ ပြောကြပါ သည်။ စီးကရက်နှင့်ဧည့်ခံရာ စစ်တက္ကသိုလ်ကျောင်းသားများ စီးကရက်၊ ဆေးလိပ်သောက်ခွင့်မပြုကြောင်း ပြောဆို တောင်းပန်ရပါ သည်။

ရေချိုးချိန်တွင် ရေချိုးခန်းအတွင်းရှိ ရေနွေးကန်တွင် ရေနွေးစိမ်ရပါသည်။ ရေချိုးခန်းသို့ဝင်ရာတွင် ကလေးမပါဝင်လိုက်လာပြီး သူရေချိုးပေးမည်ဟုပြောရာ ကျွန်တော်ကလက်မခံပါ။ စစ်တက္ကသိုလ်ကျောင်းသားများသည် သိက္ခာတော်ရ ဘုန်းတော်ကြီးကဲ့သို့ ကျင့်ကြံနေထိုင်ရသည်။ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်းနေထိုင်ရသည်။ မိန်းကလေးနှင့်စကားပြောရန် မဆိုထားနှင့် မိန်းမ ဆိုလျှင် ကြည့်တောင်မကြည့်ရပါ။ တည်းခိုရသော အိမ်ရှင်၏ မိန်းမပျိုကလေးက ဂျပန်လူမျိုးတို့၏ ထုံးစံအတိုင်း ယဉ်ကျေး သိမ်မွေ့စွာပြုစုလာသောအခါ  စစ်တက္ကသိုလ်ကျောင်းသားတို့   စောင့်ထိန်းလာသော စည်းကမ်းနှင့် အကျင့်သိက္ခာများ ကျရပေတော့ မည်။ ချောမောလှပသော မိန်းကလေးကို  ကြည့်၍မဝနိုင်ပါ။   သူပြောသော စကားသံကလေးကိုလည်း သာယာမိသည်။

သူ့ကို စကားပြောရတာကိုလည်း အရသာတွေ့မိသည်။ လူပျိုပေါက်ကလေးများရဲ့ သဘာဝထင်ပါရဲ့။ သာယာမိသော်လည်း ရေချိုးကန်အတွင်း ဆပ်ပြာတိုက်၊ ရေချိုးပေးတာကိုတော့ ငြင်းပယ်ရပေမည်။

ဆက်လက်ဖော်ပြပါမည်။