ရုရှားအစိုးရ ပညာတော်သင်ဆု (၂၀၂၃) အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားသော မြန်မာတက္ကသိုလ် ဆရာ၊ ဆရာမများကို ဦးစားပေး ရွေးချယ်နိုင်ရေး ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ရုရှားအဆင့်မြင့်ပညာရေး ကိုယ်စားလှယ်အဖွဲ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ The Alexander Gorchakov Public Diplomacy Fund နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သော နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ပညာအရည်အသွေးနှင့် ဘွဲ့ဒီဂရီများ အသိအမှတ်ပြုရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်နိုင်ငံ တက္ကသိုလ်များအကြား ပညာရေးပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ သုတေသန ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာဘာသာ စကားသင် ဆရာ၊ ဆရာမများနှင့် ရုရှားဘာသာစကားသင် ဆရာ၊ ဆရာမများ အပြန်အလှန်စေလွှတ်ရေး၊ ရုရှားအစိုးရ ပညာတော်သင်ဆု(၂၀၂၃) အစီအစဉ်သို့ ဝင်ရောက်လျှောက်ထားသော မြန်မာတက္ကသိုလ် ဆရာ၊ ဆရာမများကို ဦးစားပေး ရွေးချယ်နိုင်ရေး၊ Naypyitaw State Academy ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေး ပူးပေါင်းမြှင့်တင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံ တက္ကသိုလ်များက ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များထံမှ ပညာသင်ဆုရယူလိုသော ဦးစားပေး ပညာရပ်နယ်ပယ်များနှင့် ဘွဲ့သင်တန်းများ အမည်စာရင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။