ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၇၇)

    ရေချိုးပြီးသိပ်မကြာပါ။ ကလေးမအခန်းပေါက်ဝသို့ ရောက်လာပြန်ပါသည်။ ဒူးကလေးတုပ်လျက် ကြမ်းပြင်နှင့်နဖူးထိအောင် ဦးညွှတ်ပြီး  ထမင်းစားကြွပါရန် ရိုသေစွာဖိတ်ခေါ်ပါသည်။ ထမင်းဝိုင်းတွင် ဦးစွာ(ဆာကေး)အရက်၊ ဘီယာများဖြင့် ဧည့်ခံပါသည်။ စစ်တက္ကသိုလ်ကျောင်းသားများ အရက်၊ ဘီယာ လုံးဝမသောက်ရကြောင်း တောင်းပန်ရပြန်ပါသည်။ ဂျပန်ရိုးရာ ချက်ပြုတ်ထားသောဟင်းများ စုံလင်လှပါသည်။ ရိုင်းစိုင်းခြင်းမဖြစ်အောင် အိမ်ရှင်စားသောက်ပုံကိုကြည့်၍ အတုယူစားသောက်ရပါသည်။ စစ်တက္ကသိုလ်မှာလို ကမန်းကတန်း အပြေးအလွှား စားသောက်ခြင်းမျိုးမဟုတ်ဘဲ ရင်းရင်းနှီးနှီးစကားစမြည် ပြောပြီး အေးအေးဆေးဆေး စားသောက်ခြင်းဖြစ်သဖြင့် လွတ်လပ်သည်။ မစားဘူးသော ဂျပန်ဟင်းများမှာ အရသာရှိလှပါသည်။ တစ်သက်မမေ့နိုင်သော မိသားစု ထမင်းဝိုင်းကလေးပင်ဖြစ်ပါသည်။

နိုင်ငံခြားပညာသင်များကို ဂျပန်လူမျိုးများ နေအိမ်သို့ပို့ကာ ညအိပ်နေထိုင်စေသော အစီအစဉ်သည် အလွန်ကောင်းမွန်ပါသည်။ ပညာသင်များအတွက် တင်းကျပ်သော စည်းကမ်းနှင့်  ပင်ပင်ပန်းပန်း စစ်ပညာကို ဆက်လက်သင်ကြားနိုင်ရန် ဖြည့်တင်းပေးသော အားဆေးတစ်လက်ပင်ဖြစ်ပါသည်။ မြန်မာ-ဂျပန် ဆက်သွယ်မှု ချစ်ကြည်ရေး၏ အခြေခံအစီအစဉ်တစ်ရပ်ဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပါ။

စစ်တက္ကသိုလ်၏ အဆင့်အတန်း

စစ်တက္ကသိုလ်ကျောင်းသားများကို နေထိုင်မှု၊ ဝတ်စားဆင်ယင်မှုတို့တွင် အဆင့်အတန်းမြင့်အောင်ထားသည်။  စစ်ဝတ်စုံနှင့် အဝတ်အစားများကို လိုလေသေးမရှိ ပြည့်စုံအောင် ထုတ်ပေးထားသည်။

ဆောင်းတွင်းဝတ်ရန် သက္ကလတ်စစ်ဝတ်စုံ သုံးစုံ၊ နွေရာသီအတွက် ကာကီစစ်ဝတ်စုံ သုံးစုံ၊ ကာကီရှပ်အင်္ကျီသုံးစုံ၊ အနီပတ်နှင့် အရာရှိဆောင်းဦးထုပ် တစ်လုံး၊ ရိုးရိုး ဦးထုပ်နှစ်လုံး၊ ကျန်းမာရေးဝတ်စုံ အဖြူနှစ်စုံနှင့် ဦးထုပ်အဖြူနှစ်လုံး၊ မိုးကာအင်္ကျီ တစ်ထည်၊ သားရေစစ်ဖိနပ်ရှည်တစ်ရန်၊ သားရေစစ်ဖိနပ်နှစ်ရန်၊ ကျန်းမာရေးဖိနပ်တစ်ရန်၊ ကျောင်းဝင်းအတွင်းစီးရန် ဖိနပ်တစ်ရန်၊ အိပ်ခန်းဆောင်တွင်စီးရန် ခြေထိုးဖိနပ်တစ်ရန်၊ လက်အိတ်အဖြူတစ်စုံနှင့် စစ်လက်အိတ်တစ်စုံ၊ ခြေအိတ်သုံးစုံ၊ စစ်ပတ်တီး တစ်စုံဖြစ်ပါသည်။ စစ်ဝတ်စုံတွင် နာမည်ကတ်ပြားများ တပ်ဆင်ပေးထားသည်။ အဝတ်အစားထည့်ရန် ကျောင်းသားတစ်ဦးလျှင် ဗီရိုတစ်လုံးနှင့် ဖိနပ်ထားရန် ကိုယ့်ဖိနပ်စင်နှင့်ကိုယ်ရှိသည်။  အဝတ်အစားနှင့် ပစ္စည်းများအားလုံး ကျောင်းသားများ၏ နာမည်ရေးထိုးထားသဖြင့် မမှားနိုင်ပါ။

ချွေးသုတ်ရန် မျက်နှာသုတ်ပဝါငယ်ကလေးများ ပေးထားသော်လည်း အပြင်ထွက်ခွင့်ရ၍ မြို့တွင်းသို့ထွက်လျှင် မျက်နှာသုတ်ပဝါကိုမသုံးရဘဲ   စက္ကူ(Tissue Paper) ကိုသာသုံးရသည်။ဂျပန်လို ချီရိဂါးမိဟုခေါ်သည်။ ချီရိဂါးမိသည် ချွေးသုတ်လို့ရသည်။ နှပ်ညှစ်လို့ရသည်။ သုံးပြီးသော ချီရိဂါးမိကို ပစ်မချရပါ။ အိတ်ထဲထည့်ထားရသည်။ အမှိုက်ပုံးတွေ့မှ အမှိုက်ပုံးထဲ ထည့်ရသည်။

အထက်အောက် ဆက်ဆံရာတွင်လည်းကောင်း၊ အချင်းချင်း ဆက်ဆံရာတွင် လည်းကောင်း လေးစားမှုရှိရသည်။ ကြီးငယ်မဟူ အလေးပြုရသည်မှာ စည်းကမ်းဖြစ်သည်။ ဂျပန်ဘုရင့်စစ်တက္ကသိုလ်တွင် ကျောင်းသားများအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းသည့် အလေ့အထမရှိပါ။   ဝါရင့်ကျောင်းသားများက အမှတ်စဉ်ငယ်သူ ကျောင်းသားများကို အနိုင်ကျင့်ခြင်း၊ ပညာပြနှိပ်စက်ခြင်း လုံးဝမရှိပါ။ ညီငယ်ကလေးများကဲ့သို့ ချစ်ခင်လေးစားပြီး ကြည့်ရှု စောင့်ရှောက်ကြပါသည်။ အမှတ်စဉ်ငယ်သူများကလည်း ဝါရင့်ကျောင်းသားများကို အစ်ကိုကြီးများကဲ့သို့ ရိုသေလေးစားစွာ ဆက်ဆံကြပါသည်။

ဂျပန်ဘုရင့်စစ်တက္ကသိုလ် ကျောင်းသားများကို ဆရာများက “မင်းတို့ဟာ ကမ္ဘာမှာ အတော်ဆုံး စစ်ကျောင်းသားများဖြစ်ကြသည်။ သာမန်အရပ်သားများထက် မြင့်မြတ်သူများဖြစ်ကြသည်”ဟု စိတ်ကြီးဝင်အောင် မြှောက်ပင့်ပေးကြသည်။ လမ်းလျှောက်လျှင် ရင်ကော့ပြီးလျှောက်၊ ဘေးဝဲ/ယာသို့ မကြည့်ရ။ ရှေ့တည့်တည့်နှင့်အပေါ်ကိုသာကြည့်၊ အောက်ငုံ့မကြည့်ရဟု အမြင့်တက်မည့်သူဖြစ်သည်။ အောက်မကျရဆိုသော စိတ်ဓာတ်ကို  မြှင့်ပေးကြသည်။   စစ်တက္ကသိုလ်ကျောင်းသားပုံစံကို သွင်းပေးကြသည်။ သို့ရာတွင် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မောက်မာရိုင်းစိုင်းစွာ ဆက်ဆံကျင့်ကြံခြင်း မပြုလုပ်ရပါ။ ယဉ်ကျေးသိမ်မွေ့ရသည်။ ဝတ်ဆင်ထားသော စစ်ဝတ်တန်ဆာ အဆောင်အယောင်များသည် ပြည်သူတို့အား အနိုင်ကျင့်ရန်မဟုတ်၊ အရပ်သားများထက် ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေရခြင်း၏ သဘောလက္ခဏာကို ပြသခြင်းသာဖြစ်ကြောင်း သဘောပေါက်နားလည်ကြရပါသည်။

စံနမူနာယူသင့်သော ပညာရေးစနစ်

မေဂျီခေတ်တွင်   စတင်တည်ထောင်ဖွဲ့စည်းခဲ့သော    ကြည်းတပ်မတော်၏ စစ်တက္ကသိုလ်တွင် ပညာရေးစနစ်နှင့် ချမှတ်ထားသော စည်းကမ်းသည် တင်းကျပ်တိကျလွန်းသည်။ ယင်းစစ်တက္ကသိုလ်မှ နိုင်ငံတော်အတွက် ထူးချွန်သောသားကောင်းများ မွေးထုတ်ပေးခဲ့သည်ကို  မည်သူမျှမငြင်းနိုင်ပါ။ စစ်တက္ကသိုလ်၏ ပညာရေးစနစ်နှင့် စည်းကမ်းကို တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးခြင်းဖြင့် စာသင်ကျောင်းများသာမက တစ်နိုင်ငံလုံး ကမ္ဘာတွင် စည်းကမ်းအရှိဆုံး၊ အင်အားတောင့်တင်း အခိုင်မာဆုံး၊ အတိုးတက်ဆုံး ထိပ်တန်းနိုင်ငံကြီးဖြစ်လာနိုင်သည်ကို သုံးသပ်မိသော နိုင်ငံ့ခေါင်းဆောင်များသည် ကြည်းတပ်မတော် စစ်တက္ကသိုလ်၏ ပညာရေးစနစ်နှင့်စည်းကမ်းအတိုင်း စာသင်ကျောင်းမှ လိုက်နာကျင့်သုံးရန် မေဂျီခေတ်မှစ၍ ချမှတ်ကျင့်သုံးခဲ့သည်။         

ဆက်လက်ဖော်ပြပါမည်။