ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာ့စာတိုက် လုပ်ငန်း ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီး ဝန်ထမ်းများနှင့်အတူ မိသားစုမိတ်ဆုံနေ့လယ်စာ သုံးဆောင်

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာ့စာတိုက် လုပ်ငန်း ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီး ဝန်ထမ်းများနှင့်အတူ မိသားစုမိတ်ဆုံနေ့လယ်စာ သုံးဆောင်

နေပြည်တော်  နိုဝင်ဘာ  ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက်  ကျရာကဏ္ဍမှ သစ္စာရှိစွာ  တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် မြန်မာ့စာတိုက်လုပ်ငန်း ရုံးချုပ်နှင့် နေပြည်တော်စာတိုက်ကြီးရှိ အရာထမ်း၊ အမှုထမ်းများကို အသိအမှတ်ပြုသောအားဖြင့် မိသားစုမိတ်ဆုံနေ့လယ်စာ စားပွဲကို ပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာန အားကစားပြိုင်ပွဲများ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများကို  ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများ အဖွဲ့အစည်း စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ အားကစားပြိုင်ပွဲများတွင် အားပေးခဲ့ကြသည့် အလေ့အထကို ထိန်းသိမ်းသွားစေလိုကြောင်း၊ နိုင်ငံတော်မှ စိုက်ထုတ်ပေးနေရသည့် အရှုံးများလျော့နည်းအောင် ဝင်ငွေတိုးတက်ရရှိရေး နည်းလမ်းများလည်း ရှာဖွေပြီး ထပ်ဆောင်းဝန်ဆောင်မှု (value  added  service) များဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးနေကြပြီး  လုပ်ငန်းများ အရှိန်အဟုန်မပြတ် ရပ်တန့်မှုမရှိစေရေး ဆောင်ရွက်ပေးနေကြသော တစ်နိုင်ငံလုံးရှိ မြန်မာ့စာတိုက်ဝန်ထမ်းများကို အသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း၊ မြန်မာ့စာတိုက် လုပ်ငန်း၏ VISION ဖြစ်သည့် Myanmar Post for Everyone'”လူတိုင်းအတွက် မြန်မာ့စာတိုက်လုပ်ငန်း” ဖြစ်စေရေး ပြည်သူလူထုအတွက် အကောင်းဆုံးဝန်ဆောင်မှုများဖြင့်   ဝန်ထမ်းများအားလုံး အတူတကွ   ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း မိသားစုမိတ်ဆုံနေ့လယ်စာအား သုံးဆောင်ခဲ့ကြပြီး   ရင်းနှီးပွင့်လင်းစွာ  နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း  သိရသည်။