ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန  အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌   ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှားပါးစာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်ကို အသိပညာ ဗဟုသုတ ရှာဖွေသူပြည်သူလူထုကို အထောက်အပံ့ ဖြစ်စေရန်၊    စာဖတ်ရှိန်မြင့်မားရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အမျိုးသား စာကြည့်တိုက်(နေပြည်တော်)တွင် မြန်မာဘာသာစာအုပ်များ၊ အင်္ဂလိပ်ဘာသာစာအုပ်များ၊ ဘွဲ့ယူကျမ်းများ၊ ပြည်ပမှ ထုတ်ဝေသည့် မြန်မာနိုင်ငံအကြောင်း ဆိုင်ရာစာစုများ၊ စာနယ်ဇင်းများ၊ ရှေးဟောင်းပေစာ၊ ပုရပိုက်များစသည့် စာပေအနုပညာပစ္စည်းများကို စုဆောင်းထိန်းသိမ်းပြီး အများပြည်သူကို  ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ ထို့ပြင်  e-Library စာဖတ်ခန်းတွင်လည်း အင်တာနက်ကို အသုံးပြု၍ စာပေဗဟုသုတများကို ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်ကြောင်း၊ အမျိုးသား စာကြည့်တိုက်၏ ရည်မှန်းချက်ဖြစ်သည့် “အမျိုးသားစာပေ အမွေအနှစ်များ စုဆောင်းထိန်းသိမ်း ဝန်ဆောင်မှုပေးရာ ဗဟိုဌာန ဖြစ်လာစေရန်”ဆိုသည့် ရည်မှန်းချက်နှင့်အညီ   မြန်မာနိုင်ငံ အရပ်ရပ်တွင်ရှိသည့် ရှေးဟောင်းစာပေ အမွေအနှစ်များကို စုဆောင်းခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများကို ဒစ်ဂျစ်တယ်ပုံစံဖြင့် အများပြည်သူ ဖတ်ရှုနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အဓိကကျသည့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်မြင့်မားရေးအတွက် အသိပညာဗဟုသုတ ရှာမှီးရေးသည် အလွန်အရေးကြီးကြောင်း။

 အသိပညာဗဟုသုတ၏ အခြေခံသည် စာပေဖြစ်သည့်အတွက် စာပေမြင့်မှ လူမျိုးမြင့်မည်ဆိုသည့် ဆောင်ပုဒ်အတိုင်း စာပေနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ ကလေးစာကြည့်တိုက် အစီအစဉ်အနေဖြင့် ကလေးများ စာကြည့်တိုက် အသုံးပြုမှု ရင်းနှီးကျွမ်းဝင်စေရေး၊   စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း အလေ့အထပြုစု ပျိုးထောင်ပေးနိုင်ရေး၊ ပြင်ပဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် နေပြည်တော် ဝန်းကျင်ရှိ   အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက် သည့် အစီအစဉ်များလည်း ပါရှိမည်ဖြစ်ကြောင်း၊   ပျော်ပွဲရွှင်ပွဲ၊  အမှတ်တရ ဈေးရောင်းပွဲလည်း ပါရှိမည်ဖြစ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ဝေသည့် စာအုပ်များ၊ ပြင်ပမှ စာအုပ်အရောင်းဆိုင်များ၊ စာကြည့်တိုက်အမှတ်တရ ပစ္စည်းများနှင့် အစားအသောက်များ ရောင်းချ သွားမည်ဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်ကလေးများအား စာများများ ဖတ်ရန် တိုက်တွန်းလိုကြောင်း၊   ကံချင်းတူလျှင် ဉာဏ်ရှိသူက ရှေ့သို့ရောက်ကြောင်း၊ ဉာဏ်ချင်းတူလျှင် ဝီရိယရှိသူကသာကြောင်း၊ ဝီရိယရှိသူချင်းတူလျှင် စာဖတ်သူက ရှေ့သို့ရောက်မည်ဖြစ်ကြောင်း တို့ကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်    ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအေးထွန်း၊ ဒေါက်တာမိုးဇော်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရှားပါးစာအုပ်ပြပွဲ ခင်းကျင်းထားမှုများနှင့် ကလေးစာကြည့်တိုက် အစီအစဉ် ကျင်းပနေမှုများကို   လိုက်လံကြည့်ရှုကြသည်။

အဆိုပါရှားပါး စာအုပ်ပြပွဲ၊ ကလေးစာကြည့်တိုက် အစီအစဉ်နှင့် အမှတ်တရ ဈေးရောင်းပွဲတော်ကို ယနေ့မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။