ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့်ချေးငွေများ ပြန်လည် ပေးဆပ်ရမည့် ကာလအား သက်တမ်း(၁)နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး
သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် (၄/၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း(၁)နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း
၁။ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များ အနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။
၂။ မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ကုမ္ပဏီ/လုပ်ငန်း စုစုပေါင်း ၃၂၅ ခု၊ ချေးငွေ ပမာဏကျပ် ၇.၆ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသဖြင့် အစောဆုံး ထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီချေးငွေ သက်တမ်းကာလ ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလ စေ့ရောက်တော့မည်ဖြစ်ပါသည်။
၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည် ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။
၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ/လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း(၁)နှစ်စေ့ရောက် သည့်နေ့မှစ၍ နောက်ထပ် (၁) နှစ် ထပ်မံ တိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ပြီးဖြစ်ရပါမည်၊
(ခ) ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်း ဖြစ်ရပါမည်။
၅။ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေး ဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ် အပြေအကြေပေးဆပ်ရန် အသိပေးကြေညာ အပ်ပါသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ