အပူစာလား အအေးစာလား ခွဲခြားနည်းများ
ရှေးကလူကြီးများ ကျန်းမာခြင်း အကြောင်းရင်းတစ်ခုမှာ နေ့စဉ်စားသောက်သော အစာများကို အပူစာလား၊ အအေးစာလား ခွဲခြားပြီး သိကြသည်။ ထို့ပြင် တက်စာ၊ သက်စာ၊ လေစာများကိုပါ သိရှိနားလည်ကြပြီး မသင့်သည့် အစာများကို ရှောင်သည်။ ဥတုသုံးပါးတွင် လည်း ပူသည့်ဥတု၊ အေးသည့်ဥတု၊ တက်ဥတု၊ သက်ဥတုများကို နားလည်ပြီး ဥတုနှင့် မသင့်သောအစာများကိုရှောင်ပြီး စားသင့်သော ရာသီပေါ်အစာများကို စားကြသည်။ ထို့ကြောင့် ရှေးလူကြီးများ ကျန်းမာသက်ရှည်ကြခြင်း ဖြစ်သည်။
ယခုခေတ်လူငယ်များ၊ လူလတ်ပိုင်းများတွင် ရှေးကအသိပညာများမရှိတော့။ အစားအစာကို အနောက်တိုင်းနည်းအရ ဗီတာဗင်နှင့် သတ္တုဓာတ်၊ ကစီဓာတ်၊ အဆီနှင့် အသားဓာတ်တို့ကိုသာ အဓိကထားသော အာဟာရရှုထောင့် အမြင်သက်သက်သာ ရှိတော့ သည်။ လှပသော အရောင်ဆိုးဆေးနှင့် သဘာဝအချိုမဟုတ်သော ဟင်းခတ်မှုန့်ကဲထားသော အစာများကိုနေ့စဉ်စားသုံးကြသဖြင့် အသက် ငယ်ငယ်နှင့် အသည်းအဆီဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများဖြစ်ပွားသည်ကို တွေ့ရှိလာရသည်။
ရောဂါရောက်ကြောင်းအခြေခံမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါးကြောင့်ဟု ဆိုသည်။ ထိုလေးမျိုးတွင် အာဟာရကြောင့် ဖြစ်သော ရောဂါမှာ ယခုခေတ်တွင် အများဆုံးတွေ့ရသော အကြောင်းရင်းဖြစ်နေသည်။ မသင့်လျော်လွဲမှားသော အစာအာဟာရတို့ကို နေ့စဉ် စားသုံးခြင်းကြောင့် ရောဂါရခြင်းဖြစ်ပေသည်။ မြန်မာဆေးပညာ၏ အခြေခံဖြစ်သည့် အပူစာနှင့်အအေးစာကို ခွဲခြားသိနိုင်လျှင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်။
အပူစာဆိုသည်မှာ လျှာပေါ်တင်လိုက်လျှင် ပူသောစပ်သော အရသာရှိသည့် ငရုတ်သီး၊ ချင်း၊ ငရုတ်ကောင်း စသည်မှ အရက် သေစာများအထိ ပါဝင်သည်။ အစားများလျှင် အစာအိမ်နှင့် အသည်းကို ထိခိုက်လောင်ကျွမ်းစေနိုင်သည်။သင့်တင့်ရုံမျှစားလျှင် အစာကြေဆေး၊ ဝမ်းမီးတောက်ဆေးဖြစ်သည်။
အအေးစာဆိုသည်မှာ လျှာပေါ်တင်လိုက်လျှင်အေးသောအရသာ၊ ချိုသောအရသာ၊ ဆိမ့်သောအရသာရှိသော အစာများဖြစ်သည်။ သကြားပါသောမုန့်များသည် အအေးစာဖြစ်သည်။ သင်္ဘောသီးမှည့်၊ သရက်အမှည့်၊ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊နွားနို့၊ မလိုင်၊ ထောပတ် စသည်တို့မှာ အအေးစာဖြစ်သည်။ “အချိုကိုမူ အအေးယူ၊ အပူငြိမ်းလေသည်” ဟုဆိုသဖြင့် တော်သင့်ရုံစားသုံးလျှင် အပူငြိမ်းစေနိုင်သော်လည်း လွန်ကဲအောင် နေ့စဉ်အချိုစားသုံးလျှင် အဝလွန်ပြီး အဆီတိုးလာမည်ကို သတိပြုသင့်သည်။
ရေပျော်သတ္တဝါဖြစ်သော ဘဲသားသည် အအေးစာဖြစ်သော်လည်း ကြက်သားမှာအပူစာဖြစ်သည်။ နွားသား(အမဲသား)သည် အပူစာဖြစ်သော်လည်းကျွဲသားမှာ ရေပျော်သတ္တဝါဖြစ်သဖြင့် အအေးစာဟုယူဆသည်။ ကျစ်လျစ်မာကျောသော အခွံရှိသည့် ဥသျှစ်သီး၊ ဆူးချွန်ပါသည့် ဒူးရင်းသီးတို့သည် အပူစာဖြစ်ပြီး ပွသောအခွံရှိသည့် လိမ္မော်သီး၊ ရှောက်သီးစသည်တို့မှာ အအေးစာ များဖြစ်သည်။
ဝဖြိုးသောသူများသည် ပို၍မဝအောင် အအေးစာများကို ရှောင်ကြဉ်စားသောက်သင့်သည်။ အထူးသဖြင့်အချိုနှင့်မလိုင်၊ ထောပတ်၊ ဘဲသား စသည်တို့ကို ရှောင်ရမည်ဖြစ်ပြီး ပိန်သောသူများသည် အပူစာများဖြစ်သော အရက်သေစာ၊ ငရုတ်သီး၊ ချင်း၊ အစပ်ကဲသော အစာများကို ရှောင်သင့်သည်။ ဤသို့ဆိုရခြင်းမှာ ဝဖြိုးသောသူများသည် အအေးရုပ်ဖြစ်သည်။
ပိန်သောသူများသည် အပူရုပ်အခြေခံဖြစ်သည်။ အအေးရုပ်ရှိသူသည် အအေးစာကိုရှောင်ခြင်း၊ အပူရုပ်ရှိသူများသည် အပူစာကို ရှောင်ခြင်းဖြင့် ကျန်းမာရေးကောင်းစေနိုင်ကြောင်း မြန်မာ့ဆေးပညာရှုထောင့်မှ တင်ပြအပ်ပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)