အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃၀

အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနား ကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်)၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(တောင်ငူ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်တည်း ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) ဖွင့်ပွဲအခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊  ဆရာ၊  ဆရာမများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ထားဝယ်) ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကာ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) ဖွင့်ပွဲအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

ယင်းနောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများသည် အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံများအတွင်းရှိ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာနှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံများ လက်တွေ့ခန်းများ၊ စာသင်ခန်းများ၊ စာကြည့်တိုက်နှင့် ကွန်ပျူတာခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များက အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ကျောင်းသားကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်များကို ကြည့်ရှုအားပေးကြသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ  (ထားဝယ်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ  (တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တို့ကို ဖွင့်လှစ်ခြင်း သည် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာကျွမ်းကျင်သည့် ပညာတတ်လူငယ်များ မွေးထုတ် ပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ကျောင်းများတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ များ၏ သားသမီးများနှင့်  အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားသင်ယူမှု အခွင့်အလမ်းများ  ပိုမိုရရှိ စေရန်၊ နည်းပညာနှင့် သက်မွေးပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန် နည်းပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေး ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်စေမည်ဖြစ်ကြောင်း သိရသည်။          

ဇော်မျိုး(နေပြည်တော်)