ပွင့်ဖြူမြို့နယ်၌ ဗိုလ်စားပဲသီးနှံစိုက်ပျိုးတောင်သူများဝင်ငွေကောင်းမွန်လျက်ရှိ

ပွင့်ဖြူ၊ စီးပွားရေး 

ပွင့်ဖြူမြို့နယ်၌ ဗိုလ်စားပဲသီးနှံစိုက်ပျိုးတောင်သူများဝင်ငွေကောင်းမွန်လျက်ရှိ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိမုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုစိုက်ပျိုးသည့် တစ်နိုင်တစ်ပိုင် ဗိုလ်စားပဲသီးနှံ အောင်မြင်ဖြစ်ထွန်းကာ စိုက်ပျိုးသူများဝင်ငွေကောင်းမွန်၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ဗိုလ်စားပဲသီးနှံကို သဲဆန်သောမြေမှ မြေစေးအထိ အမျိုးမျိုးစိုက်ပျိုးနိုင်သော်လည်း ရေမဝပ်သော သဲနုန်းမြေ၊ နုန်းမြေနဲ့ နုန်းမြေ စေးတို့မှာ စိုက်ပျိုးပါကပိုမိုဖြစ်ထွန်း အောင်မြင်ပါတယ်။ တစ်ဧကကို အနည်းဆုံး မျိုးစေ့ ခြောက်ပြည်မှ ခုနစ်ပြည်အထိ စိုက်ပျိုး နိုင်ပါတယ်။ စိုက်ပျိုးပြီး အပင်ပေါက်လာချိန်မှာ ဗိုလ်စားပဲ (နွယ်တက်မျိုး)ဆိုရင် တိုင်ထောင်ပေးရပါတယ်။ သီးနှံပိုးမွှားရောဂါ မကျရောက်စေဖို့အတွက် ပိုးသတ်ဆေးဖျန်းပေးရပါတယ်။  စိုက်ပြီးအပင်ရက်သား ၇၅ ရက်ရှိရင် အသီးများ စတင်ဆွတ်ခူးပြီးတော့  ဗိုလ်စားပဲ(အစို)စေ့များကို ဈေးကွက်မှာ ရောင်းချလို့ရပါတယ်။ တောင်သူအများစုက ဗိုလ်စားပဲကို အဖြူမျိုးနဲ့ အနီကျားမျိုးကို အစိုက်များတယ်။ ဈေးနှုန်းကတော့ ဗိုလ်စားပဲ(အစို)နို့ဆီဘူးတစ်ဘူးကို ငွေကျပ် ၃၀၀ ရောင်းချရပြီး တစ်ပြည်ကို ငွေကျပ် ၂၄၀၀ နဲ့ရောင်းချရပါတယ်” ဟု  လက်ပနွယ်ကျေးရွာမှ  ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ပန်းနှမ်း၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)