နေပြည်တော် ဒီဇင်ဘာ ၁
Solar စွမ်းအင်နှင့် အသေးစားရေအားလျှပ်စစ်ဆိုင်ရာတို့ကို မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ SITES-CENTER JSC ကုမ္ပဏီ၏ Deputy Chief Executive Officer Mr. Nikolaychuk Vsevolod နှင့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နံနက် ၉ နာရီခွဲတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Solar စွမ်းအင်နှင့် အသေးစား ရေအားလျှပ်စစ် ဆိုင်ရာတို့ကို မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)