တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲကျင်းပ

တောင်ငူ ဒီဇင်ဘာ  ၁

တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား(MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲကျင်းပ

တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့ရှိ ခပေါင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ စကားဝိုင်းနှင့် ဈေးရောင်းပြပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်သည် စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းရှိကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ များ   ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး  အလေးထား ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က MSMEs ဒေသထုတ်ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်းအားဖြင့် MSMEs စီးပွားရေး လုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကိုသိရှိပြီး လိုအပ်သည့် ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်းဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ်ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း ပြသနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ကောင်းမွန်သော ရေမြေသဘာဝကို အသုံးချပြီး ဒေသတွင်းလုပ်ငန်းများ အချင်းချင်းချိတ်ဆက်ခြင်း၊ တီထွင်ဆန်းသစ် ခြင်း၊ အရည်အသွေး ကောင်းမွန်သောအရသာနှင့် ခေတ်မီသော ထုပ်ပိုးမှုစနစ်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ခင်းကျင်းပြသရောင်းချလျက်ရှိသည့် ထုပ်ပိုးမှုစက်ပစ္စည်းအမျိုးမျိုး၊ ဒေသထွက် စားသောက် ကုန်ပစ္စည်းများ၊ သစ်/ဝါးအခြေခံ လက်မှုပစ္စည်းများ၊ ယိုမျိုးစုံလုပ်ငန်း၊ ပြည်ပနိုင်ငံသို့တင်ပို့နေသည့် ပေါင်းခံသီဟိုဠ်စေ့နှင့် ကော်ဖီမှုန့် ထုတ်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို   ကြည့်ရှုအားပေးခဲ့သည်။

MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးက ဦးဆောင်၍ MSMEs လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို အပြန်အလှန် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို  ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

(၄၀၁)