ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

တံတားဦး၊ ဒေသဖွံ့ဖြိုးရေး

ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ငါန်းဇွန်မြို့နယ် ရွာသစ် ကျေးရွာ ခေတ်မီစံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် တံတားဦးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့် တာဝန်ရှိသူများက ကျေးရွာတွင်း လမ်းဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုကြပြီး ဆောင်ရွက်ပြီးလုပ်ငန်းများအပေါ် ရေရှည်ခိုင်ခံ့စေရန်အတွက် ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းမှ ငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်သည့်ငွေနှင့် လုပ်အားတန်ဖိုး ငွေကျပ်သိန်း ၃၀ စုစုပေါင်း ငွေကျပ်သိန်း ၁၃၀ ဖြင့် လမ်းအရှည် ၅၆၅ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ဆောင်ရွက်ခြင်းဖြစ်သည့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ ရွာသစ်ခေတ်မီစံပြကျေးရွာရှိ အိမ်ခြေ ၁၁၇ အိမ်၊ လူဦးရေ ၄၃၈ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အပြင် အခြားလူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးများတွင် အကျိုးရှိစွာအသုံးပြု ခံစားရရှိနေပြီဖြစ်ကြောင်း  သိရသည်။

လင်းကြည်လင်း