သက်ကြီးစိုက်ခင်းများ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုး စိုက်ခင်းများ တိုးချဲ့တည်ထောင်ရေး မှာကြား
နေပြည်တော် ဒီဇင်ဘာ ၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဇီးပင်ကြိုးဝိုင်းရှိ ၁/၁၉၈၄ ကျွန်း၊ ထင်းရှူးသက်ကြီးစိုက်ခင်း ဧက ၅၅၀ကို ထိန်းသိမ်း ဆောင်ရွက်ထားမှုနှင့် ဇီးပင်ကြိုးဝိုင်း၊ အကွက်အမှတ် ၁ ရှိ ၂၀၁၆ ခုနှစ် ကြီးမြန်ယမနေနှင့် ယူကလစ်ပုဂ္ဂလိက စိုက်ခင်း ၃၅ ဧကရှိ ကြီးမြန်သစ်မျိုးများ၏ ရှင်သန်ကြီးထွားမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ကြီးစိုက်ခင်းများ ရေရှည်တည်တံ့အောင် ကာကွယ် ထိန်းသိမ်းရေးနှင့် ဒေသနှင့် ကိုက်ညီသော ကြီးမြန်သစ်မျိုးစိုက်ခင်းများ တိုးချဲ့ တည်ထောင်ရေး မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာန နောင်ချိုမြို့နယ် ဘန့်ဘွေးသစ်တောရုံးရှိ လိပ်ကယ်ဆယ်ရေး စခန်းအတွင်း တရားမဝင် သယ်ယူမှုများမှ ဖမ်းဆီးရမိသော လိပ်ကြက်တူရွေး၊ လိပ်ဝါ၊ လိပ်မောင်း၊ လိပ်ပုပ်၊ လိပ်မဲကြီး၊ ရခိုင်လိပ် လိပ်မျိုးခြောက်မျိုး၊ ကောင်ရေ ၆၀၁ ကောင်အား ထိန်းသိမ်းစောင့်ရှောက်မှု ဆောင်ရွက်နေသည်ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၁/၁၉၈၂ သက်ကြီးပျဉ်းကတိုး စိုက်ခင်းဧက၂၅၀ ကို ထိန်းသိမ်းဆောင်ရွက်ထားမှုနှင့် ဘန့်ဘွေးအမြဲတမ်း ပျိုးဥယျာဉ်ရှိ ၂၀၂၃ မိုးရာသီအတွင်း လူထုဖြန့်စိုက်ပျိုးဆောင်ရွက်သွားမည့် သစ်မျိုး ၁၀ မျိုးဖြင့် ပျိုးပင် ၅၀၀၀၀ ကျော်ပျိုးထောင် ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။