နေပြည်တော်ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်း၌ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများကို ပြသသွားမည်

နေပြည်တော်ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်း၌ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများကို ပြသသွားမည်

နေပြည်တော် ဒီဇင်ဘာ ၂

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် ထူးခြားလေးနက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ်သည်။ ၇၅ နှစ်တိုင် လွတ်လပ်ရေးကို ထိန်းသိမ်းခဲ့သည့် အထိမ်းအမှတ်နေ့ဖြစ်သကဲ့သို့ လာမည့်ကာလတွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို   ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့်   စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားကြီးကျယ်စွာ ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ဂုဏ်ပြုယာဉ်များ ချီတက်မှုနှင့်တွဲဖက်ဖျော်ဖြေမည့် ယိမ်းအဖွဲ့တို့နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   ယမန်နှစ်က အတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် အခက်အခဲရှိကြမည်မဟုတ်သော်လည်း ယခုနှစ်တွင် ယမန်နှစ်ကထက် ပိုမိုခမ်းနားကြီးကျယ်ခြင်း၊ အစီအစဉ်များပြားခြင်း၊ အင်အားများပြားခြင်းနှင့်    အချိန်ကြာမြင့်ခြင်းတို့ရှိလာမည့်အတွက် အမှားအယွင်းမရှိအောင်၊ အချိန်ကိုက်ဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ဆက်လက်၍   တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ကိုယ်စားပြုဂုဏ်ပြုယာဉ်များတွင် ဆင်ယင်ပြသမည့် အခြေအနေ၊ ဂုဏ်ပြုယာဉ်နှင့် တွဲဖက်ဖျော်ဖြေမည့်ယိမ်းအဖွဲ့တွင် ပါဝင်တင်ဆက်မည့် လူဦးရေ၊ တိုင်းရင်းသား ရိုးရာအကများ၊ တေးသီချင်း ရွေးချယ်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားအပြီး ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီခွဲမှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ နေပြည်တော်   ဥပ္ပါတသန္တိဘုရားအနီး တပေါင်းကွင်း၌ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊ ပြခန်းများကို ပြသသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်ပြခန်းများလည်း ပါဝင်မည်ဖြစ်ကာ  တိုင်းဒေသကြီးနှင့် ပြည်နယ်ယိမ်း အဖွဲ့များက ငါးရက်တိုင်ပြည်သူများကို တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။