ရုရှားနိုင်ငံမှ ခရီးသွား ဧည့်သည်များအတွက် လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန်  အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိ

ရုရှားနိုင်ငံမှ ခရီးသွား ဧည့်သည်များအတွက် လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန်  အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည်  ရုရှားနိုင်ငံ အခြေစိုက် Yi Ling Tourism Co.,Ltd. မှ Commercial Director ဖြစ်သူ Mr.Kosinkov Evgeny အား   ယနေ့နံနက်ပိုင်းတွင်   ဝန်ကြီးဌာနနီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

တွေ့ဆုံရာတွင် Mr.Kosinkov Evgeny က ရုရှားနိုင်ငံသား ခရီးသည်များအနေနှင့် နိုင်ငံတကာတွင် အကျုံးဝင်သော အာမခံဝယ်ယူ၍ ခရီးသွားလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်အာမခံ ထပ်မံရယူရခြင်းနှင့် စပ်လျဉ်း၍ ဖြေလျှော့ပေးစေလိုကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန်  အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသည်များ ငွေကြေးလွှဲပို့သုံးစွဲမှု လွယ်ကူအဆင်ပြေစေ ရေးဆောင်ရွက်ပေးနိုင်ပါက ခရီးသည်များ ပိုမိုလာရောက်ရေး ဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  လေကြောင်းလိုင်းပျံသန်းပြေးဆွဲမှုအနေနှင့် ယခင် အီတလီလေကြောင်းက မီလန်မြို့မှ ခရီးသည်များကို မြန်မာနိုင်ငံတွင် တစ်ထောက်နား၍ ဖူးခက်သို့ ပျံသန်းသကဲ့သို့ ပျံသန်းနိုင်သည့် သာဓကများရှိကြောင်း၊  ယခုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှခရီးစဉ်များ စီစဉ်နေသည်ဟုသိရှိရကြောင်း၊ ခရီးသွား အာမခံကြေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့်    ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း၊ ခရီးသွားများလာရောက်ပါက ၎င်းတို့၏  ငွေကြေးသုံးစွဲမှုအဆင်ပြေစေရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု တိုးမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးကို လည်းဆောင်ရွက် နေကြောင်း   လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးမည်ဟု ပြန်လည် ပြောကြားခဲ့သည်။