၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲတွင် အင်အား ၄၀၀၀ ခန့်က ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
နေပြည်တော် ဒီဇင်ဘာ ၃
လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစား လောကအဆင့်အတန်း တိုးတက် မြင့်မားစေရေးရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် “၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ” ကို ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အင်အား ၄၀၀၀ ခန့်ကပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုအဆင့်ဗဟိုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း အင်အား ၄၀၀၀ ခန့်က ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းအတိုင်း ဂိတ်(ဗ)ရှေ့အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကြပြီး စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊(၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းတို့ကို စုပေါင်းပါဝင် လုပ်ဆောင် ကြသည်။
အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများကို အားကစားနှင့် ကာယပညာဦးစီးဌာနက ရေသန့်ဘူးများ၊ Pocari Sweat နှင့် အာဟာရမုန့်များပေးဝေခဲ့ကြသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ် စနေ နေ့နံနက်တိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန အသီးသီးမှဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက ပျော်ပျော်ရွှင်ရွှင် ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။
လင်းကြည်လင်း