MITV News Studio ဆက်တင်ဒီဇိုင်းဆန်းသစ်မှုဖြင့် စတင်ရိုက်ကူးထုတ်လွှင့်

ရန်ကုန် ဒီဇင်ဘာ ၃

MITV News Studio ဆက်တင်ဒီဇိုင်းဆန်းသစ်မှုဖြင့် စတင်ရိုက်ကူးထုတ်လွှင့်

MITV News Studio ဆက်တင်ဒီဇိုင်း ဆန်းသစ်မှုဖြင့် စတင်ရိုက်ကူးထုတ်လွှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MITV News Studio ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီ လီမိတက်မှ MD ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က MITV News Studio ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ MITV News Studio ဆက်တင်ဒီဇိုင်း ဆန်းသစ်တည်ဆောက်မှုကို ဦးရဲနိုင်နှင့် MD ဦးမင်းမင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နောက်ခံဆက်တင် ဒီဇိုင်းအသစ်ဖြင့် စတင်အသုံးပြုနိုင်ရန် Smart TV မျက်နှာပြင်အား ဆက်လက်ဖွင့်လှစ်ပေးသည်။

ထို့နောက် MITV News Studio ဆန်းသစ်တည်ဆောက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြပြီး သတင်းစတင်ရိုက်ကူးမှုကို ကြည့်ရှု အားပေးကြသည်။

Myanmar International TV Channel (MITV) ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိတက်တို့သည် ၂၀၁၀ ပြည့်နှစ်မှ စ၍ ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ယခုအခါ MITV News Studio နောက်ခံ ဆက်တင်ဒီဇိုင်း   ဆန်းသစ်တည်ဆောက်ခြင်းကို ရွှေသံလွင်ကုမ္ပဏီက ထိုင်းနိုင်ငံမှ ဂရပ်ဖစ်ပညာရှင်ထံ အပ်နှံရေးဆွဲကာ ငွေကျပ် သိန်း ၁၀၀ ခန့်   အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

MITV Channel သည် မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေသည့် တစ်ခုတည်းသော Channel ဖြစ်ပြီး အစီအစဉ် ကောင်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းများကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိ (၂၄)နာရီအတွင်း ၃ ကြိမ်သတင်း update ပြုလုပ်၍ ပုံမှန်ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)