အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး

ပဲခူး  ဒီဇင်ဘာ  ၄

  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ပဲခူးမြို့  မြို့တော်ခန်းမ၌ ကျင်းပသည်။

  အခမ်းအနားသို့   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားခဲ့ပြီး   အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့်   ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မသန်စွမ်းမှုအသိပညာပေး Video Clip တို့ကို ကြည့်ရှုကြသည်။

  အဆိုပါအခမ်းအနားတွင် မသန်စွမ်းကလေးငယ်များက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊   တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊  မသန်စွမ်း ကလေးငယ်များနှင့် မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ဆုရစာစီစာကုံးများ   လှည့်လည်ကြည့်ရှု အားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

  ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြပြီး  ဆုရရှိသူများကို ဂုဏ်ပြုဆုများ  ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။