ဆိုမာလီယာနိုင်ငံအတွက် ခြိမ်းခြောက်မှုအဖြစ်ဆက်လက်တည်ရှိနေသည့် အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့

ဆိုမာလီယာနိုင်ငံအတွက် ခြိမ်းခြောက်မှုအဖြစ်ဆက်လက်တည်ရှိနေသည့် အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ဆိုမာလီယာနိုင်ငံ    မိုဂါဒစ်ရှူးမြို့တော်ရှိအစိုးရအဖွဲ့မှ အရာရှိများလာရောက်လေ့ရှိသောဟိုတယ်တစ်လုံးကို နိုဝင်ဘာ ၂၇ ရက်က တိုက်ခိုက်ပြီးနောက် ဆိုမာလီယာနိုင်ငံ၌ အဆိုပါ စစ်သွေးအဖွဲ့က လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ် ဆက်လက်   တည်ရှိနေမည်လား ဟူသော မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

စစ်သွေးကြွအဖွဲ့မှ သေနတ်သမားများသည် အသေခံဗုံးခွဲရန် ၎င်းတို့၏ ကိုယ်ပေါ်တွင် ဖောက်ခွဲရေး ပစ္စည်းများကို တပ်ဆင်ထားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း အသေခံဗုံးခွဲခြင်းဟုတ်၊ မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်ခံလိုက်ရသည့်    Villa  Rose ဟိုတယ်သည်   ဒိုဒီရှေခရိုင်၌ တည်ရှိပြီး ဟိုတယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း လူမည်မျှသေဆုံးသွားသည်ကို အာဏာပိုင်များက  အတည်ပြုထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့၏ အဆိုပါတိုက်ခိုက်မှုသည် အစိုးရတပ်များက စစ်သွေးကြွအဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည်  လက်ရှိတွင် ဆိုမာလီယာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ နေရာဒေသတချို့ကိုထိန်းချုပ်ထားသည်။

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့ကဘာလဲ

အယ်လ်ရှာဘတ်ဟူသော  စကားလုံးသည် လူငယ်ဟုအဓိပ္ပာယ်ရပြီး ဆိုမာလီယာနိုင်ငံရှိ   အစိုးရကိုဖြုတ်ချ၍  နိုင်ငံတစ်ဝန်းလုံး၌ တင်းကျပ်သည့် ရှာရီယာဥပဒေ သို့မဟုတ် အစ္စလာမ်မစ်ဥပဒေကိုချမှတ် ပြဋ္ဌာန်းရန် အလိုရှိနေသူများဖြစ်သည်။ အဆိုပါစစ်သွေးကြွအဖွဲ့သည် တေးဂီတနှင့် ရုပ်ရှင်များ ကိုလည်း တားဆီးပိတ်ပင်ထားသည်။ ၎င်းတို့သည် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း  လူထောင် ပေါင်းများစွာကို လူသစ်စုဆောင်းနိုင်ခဲ့ပြီး နိုင်ငံအတွင်း၌    အစိုးရအုပ်ချုပ်ရေးယန္တရားမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်နိုင်ခဲ့ကြသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည်အရပ်သားများ၊ နိုင်ငံခြားသတင်းထောက်များနှင့် နိုင်ငံတကာမှ အကူအညီပေးရေးဝန်ထမ်းများကိုတိုက်ခိုက်လေ့ရှိသည်။ နိုင်ငံအတွင်းသို့ စစ်ရေးအရ ကြားဝင်ဖြေရှင်းပေးခဲ့သည့် အာဖရိကသမဂ္ဂအဖွဲ့၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် (AMISOM) များကိုလည်း အကြီးအကျယ်တိုက်ခိုက်ခဲ့သည်။ (AMISOM) ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၀၇  ခုနှစ်တွင် အခွင့်အာဏာပေးအပ်ခဲ့ခြင်းဖြစ်သည်။ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့အား အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင်  အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။

ယင်းအဖွဲ့သည် ၂၀၁၀ ပြည့်နှစ်တွင်   ယူဂန်ဒါနိုင်ငံ     မြို့တော်ကမ်ပါလာ၌ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ  လူ  ၇၄  ဦး သေဆုံးခဲ့သည်။  ထို့ပြင်  ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုအား ၂၀၁၃ ခုနှစ်အတွင်းက တိုက်ခိုက်ခဲ့ရာ  ယင်းတိုက်ခိုက်မှုအတွင်း လူ ၆၇ ဦး သေဆုံးခဲ့သည်။

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့ကို ငွေကြေးဘယ်သူထောက်ပံ့နေသလဲ

အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ၎င်းတို့အတွက် လိုအပ်သည့်ငွေကြေးများကို  စီးပွားရေး လုပ်ငန်းရှင်များအား  ခြိမ်းခြောက်၍တောင်းယူခြင်း၊ အကူအညီပေးရေး အဖွဲ့အစည်းများထံမှ ရယူခြင်း စသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိသည်ဟု ကျွမ်းကျင်သူများကပြောသည်။

ထို့ပြင် စစ်သွေးကြွများသည် ၎င်းတို့ထိန်းချုပ်ထားသည့်ဒေသများ၌  စစ်ဆေးရေးဂိတ်များဖွင့်၍ ငွေကြေး ကောက်ခံခြင်းနှင့် တရားမဝင်မီးသွေးရောင်းချခြင်း တို့မှနှစ်စဉ်  ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသည်ဟုဆိုသည်။    အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည်  ကင်ညာနယ်စပ်တစ်လျှောက်တွင် သကြားတရားမဝင်ရောင်းချခြင်းမှလည်း ဝင်ငွေရရှိနေသည်။

ခြိမ်းခြောက်မှုအဖြစ်ဆက်လက်တည်ရှိ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့သည် ဆိုမာလီယာအစိုးရ၏    အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး   လုပ်ငန်းစဉ်နှင့် အာဖရိကသမဂ္ဂအဖွဲ့က ဦးဆောင်သည့် စစ်ဆင်ရေးများကြောင့် အားနည်းသွားခဲ့သော်လည်း   ဆိုမာလီယာနိုင်ငံအတွင်း တိုက်ခိုက်မှုများကို  ပြန်လည်လုပ်ဆောင်လာနိုင်ခဲ့သည်။

ဆိုမာလီယာနိုင်ငံသည် ယင်းစစ်သွေးကြွအဖွဲ့၏  ဆိုးဆိုးရွားရွား တိုက်ခိုက်မှုကို ၂၀၁၇ ခုနှစ်အတွင်း ရင်ဆိုင်ခဲ့ရသည်။

စစ်သွေးကြွများသည်    မော်တော်ယာဉ်တစ်စီးပေါ်တွင်  ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်၍ တိုက်ခိုက်မှုကြောင့် လူ ၅၀၀ ကျော်သေဆုံးခဲ့ရသည်။

ထို့ပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်က မိုဂါဒစ်ရှူးမြို့တော်၌ ကားဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀၀ ခန့်သေဆုံးခဲ့ရသည်။ ထို့ကြောင့် အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့၏ လုပ်ဆောင်ချက်များသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားကို မတည်မငြိမ် ဖြစ်စေသည့်အပြင် နိုင်ငံအတွင်းရှိ ပြည်သူများအတွက်  လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိ နေကြောင်း ရေးသား တင်ပြလိုက်ရပါသည်။                  

Ref: Dw, Aljazeera